Home
မြန်မာသတင်း
တိုင်းရင်းသားလူငယ်များအတွက် ဘားအံမြို့တွင် အသက်မွေးဝမ်းကျောင်းပညာသင်ပေးနေ
DVB
·
January 15, 2019
နယ်စပ်ဒေသမှာရှိတဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို ဖွင့်လှစ်သင်ကြားပေးနေသလို တတ်ကျွမ်းထားတဲ့အတတ်ပညာနဲ့ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး အစွမ်းကုန်ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင် က တိုက်တွန်း လိုက်ပါတယ်။ ဇန်န၀ါရီ ၁၄ ရက် မနက်က ဘားအံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း(စက်မှုဇုန်)မှာ ပြုလုပ်တဲ့ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ မော်တော်ယာဉ်၊ စက်ပြင်နဲ့ ဂဟေသင်တန်းတွေ ဖွင့်ပွဲမှာ သင်တန်းသားတွေကို တိုက်တွန်းပြောဆို လိုက်တာပါ။ ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင် က “နယ်စပ်ဒေသမှာရှိတဲ့ လူငယ်တွေ အတွက် အလုပ်အကိုင်ဖန်တီးနိုင်တဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို ဖွင့်လှစ်သင်ကြား ပေးတာ ဖြစ်တယ်။ ဒီသင်တန်းပြီးဆုံးရင် ကိုယ်ရရှိလာတဲ့အတတ်ပညာနဲ့ ပြည်သူလူထုတွေရဲ့ ၀န်ဆောင်မှုကို အတတ်နိုင်ဆုံးဖြည့်စွမ်းပေးပါ။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ဝိုင်းဝန်း ဆောင်ရွက်ပေးကြပါ”လို့ ပြောပါတယ်။ BRIDGE ASIA JAPAN၊ စီမံကိန်းမန်နေဂျာ၊ ဟိရိုရှိ စုဒိုး က “ကျောင်းသားတွေ အလုပ်အကိုင်ရရှိဖို့အတွက် ဒီမှာ ၄ ခုသင်တယ်။ အဲဒီအပြင် တခြား သူတို့စိတ်ဝင်စားစေမယ် အရာလေးတွေပေါ့။ ကားတင်မဟုတ်ဘဲနဲ့ တခြား ဆိုင်ကယ်လိုမျိုးလေးတွေ ထပ်ပြီးတော့ သင်ပေးမယ်ဆိုရင်ကျောင်းသားတွေ ဒီထက်ပိုပြီးတော့ အလုပ်အကိုင်တွေများလာမယ်”လို့ ပြောပါတယ်။ သင်တန်းကို ကရင်ပြည်နယ်နဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသတွေက ပုံမှန် ပညာသင်ကြားခွင့်မရတဲ့ တိုင်းရင်းသားလူငယ်တွေ နည်းပညာပံ့ပိုးပေးဖို့၊ သင်တန်းက သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေကို အသုံးပြုပြီး အလုပ်အကိုင်အခွင့်အလမ်းတွေတိုးတက်ပြီး ဒေသတွင်းစီးပွားရေးနဲ့ နည်းပညာတွေ ဖွံ့ဖြိုးလာစေဖို့၊ဒေသစီးပွားရေးကို ပိုမိုတိုးတက်စေပြီး ဆင်းရဲမှုကို လျော့ကျစေဖို့ ရည်ရွယ်ပြီး သင်ကြားပေးနေတာပါ။ သင်တန်းလာတက်တဲ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မြေနုကျေးရွာ၊ မောင်ပြေလည်စိုး က“ကျနော်လုပ်တဲ့လုပ်ငန်းကလည်းသံဂဟေလုပ်ငန်းဆိုတော့ ကျနော်တို့ကချင်ပြည်နယ်မှာ သံဂဟေကအရမ်းကြီး မတိုးတက်သေးဘူး။ အဲဒါကြောင့် ကျနော်ဒီသင်တန်းကိုတက်တာ”လို့ ပြောပါတယ်။ အဆိုပါသင်တန်းကို ပြည်နယ်နဲ့ တိုင်းဒေသကြီးက လူငယ် စုစုပေါင်း ၉၀ တက်ရောက်ပြီး သင်တန်းကာလအတွင်း စာတွေ လက်တွေ့ သင်ကြားပေးမှာ ဖြစ်တဲ့အပြင် သင်တန်းကာလ ၅ လအတွင်း သင်တန်းသားတွေရဲ့ နေရေး၊ စားရေးနဲ့ သင်တန်းဝတ်စုံတွေကို အခမဲ့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ သင်တန်းဖွင့်လှစ်ခဲ့တဲ့ ၆ နှစ်တာကာလအတွင်းမှာ သင်တန်းသား ၇၁၃ ဦးကို အသက်မွေးဝမ်းကျောင်းပညာတွေ သင်ကြားပေးနိုင်ခဲ့သလို့ ဂျပန်ကုမ္ပဏီနဲ့ ပြင်ပကုမ္ပဏီတွေမှာ အလုပ်အကိုင်ရရှိအောင် ၈၀ ရာခိုင်နှုန်း ချိတ်ဆက်ပေးနိုင်ခဲ့ပြီး ထူးချွန်ကျောင်းသားတွေကို သင်တန်းနည်းပြတွေအဖြစ် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးခဲ့ပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024