Home
မြန်မာသတင်း
ဝါးလတ်လှေများ ကမ်းနီးတွင် ငါးဝင်ရောက်ဖမ်းဆီးနေမှု စုံစမ်းစစ်ဆေးအရေးယူမည်
DVB
·
January 15, 2019
တနင်္သာရီကမ်းရိုးတန်းဒေသက ကမ်းဝေးငါးဖမ်းသင်္ဘောတွေဟာ ကမ်းနီးရေပြင်ကို ဥပဒေမဲ့ ငါးဝင်ရောက်ဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ရဲ့ တိုင်ကြားမှုအပေါ် အရေးယူဆောင်ရွက်ဖို့ ဇန်နဝါရီ ၁၄ ရက်က မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှာ ဆွေးနွေးခဲ့ကြပါတယ်။ တရွတ်ဆွဲ ကမ်းဝေးငါးဖမ်းလှေ (ဝါးလတ်) လှေတွေဟာ တနင်္သာရီကမ်းရိုးတန်းက ကမ်းနီးရေပြင်မှာ ငါးဝင်ရောက်ဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် မှတ်တမ်းရယူကာအရေးယူပေးဖို့ မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှာ တိုင်ကြားခဲ့ပါတယ်။ ပင်လယ်ငါးဖမ်းဥပဒေအရ စည်းကမ်းပျက် ငါးဖမ်းဆီးရင် ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ ၂ သိန်း ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပေမယ့် လတ်တလောမှာ ငါးဖမ်းခွင့် ၃ လပိတ်ပင်ပြီး ဒဏ်ငွေသိန်း ၃၀ ချမှတ်တာမျိုးတွေပဲ ဖြစ်နေတယ်လို့ တိုင်ကြားခဲ့တဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောပါတယ်။ လတ်တလော တိုင်ကြားခံထားရတဲ့ ငါးဖမ်းလှေ ၁၀ စီးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာ ပိုင်ရှင်တွေသိရပြီဆိုရင်တော့ ပိုင်ရှင်တွေအနေနဲ့ ကမ်းနီးမှာ ငါးခိုးဖမ်းတယ်လို့ ဝန်ခံမှ သာ အရေးယူဆောင်ရွက်နိုင်မှာဖြစ်ပြီး ဝန်မခံဘူးဆိုရင်တော့ တွေ့ရှိတာတွေကို စာရင်းဇယား ပြုလုပ်ပြီး ရုံးချုပ်ကို တင်ပြသွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ဒုတိယ တိုင်းဦးစီးဌာနမှူး ဦးမြင့်ရွှေကပြောပါတယ်။ အခုလို ကမ်းနီးရေပြင်မှာ ငါးဝင်ရောက်ဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး တိုင်ကြားတဲ့အပေါ် စစ်ဆေးတဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ စစ်ဆေးဖို့လိုတယ်လို့လည်း ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူကပြောပါတယ်။ ဒေသခံတွေက တိုင်ကြားတဲ့အတွက် ငါးဝင်ရောက်ဖမ်းဆီးနေတဲ့လှေတွေကို လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် သွားရောက်စစ်ဆေးခဲ့ရာမှာ လှေမှာပါတဲ့ သင်္ဘောနံပါတ်တွေနဲ့  နာမည်တွေကို ဖုံးအုပ်ထားတာမျိုးတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ မြိတ်ခရိုင်ထဲမှာ ကမ်းဝေး ငါးဖမ်းလှေ ၇၆၀ ကျော်ရှိပြီး မကြာခဏဆိုသလို ကမ်းဝေးငါးဖမ်းလှေတွေဟာ ကမ်းနီးရေပြင်မှာ ငါးဝင်ရောက်ဖမ်းဆီးတဲ့အတွက် ငါးမျိုးစိတ် ရှားပါးလာတဲ့အပြင် ကမ်းနီးငါးဖမ်းလှေငယ်တွေအတွက်လည်း ငါးမရတဲ့ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ အောင်ကျော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024