မန်စီးတီးက ဝုဗ်ကို ၃ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ လက်ကျန်ပွဲအဖြစ် မန်စီးတီးနဲ့ ဝုဗ်တို့ မနေ့က ယှဉ်ပြိုင်ရာ မန်စီးတီးက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ အသင်းကြီးတွေကို အခက်တွေ့အောင် ကစားနိုင်တဲ့ ဝုဗ်အသင်းဟာ မန်စီးတီးအသင်းကိုတော့ မယှဉ်နိုင်ဘဲ ဂိုးပြတ် အရှုံးပေးလိုက်ရတာပါ။ ပွဲချိန် ၁၉ မိနစ်မှာပဲ နောက်ခံလူ ဘိုလီ အထုတ်ခံလိုက်ရတဲ့အတွက်လည်း ဝုဗ်အသင်း အားနည်းသွားရပါတယ်။ အိမ်ရှင် မန်စီးတီးက တိုက်စစ်မှူး အဂွေရို၊ ဒီဘရိုင်း၊ ဂန်ဒိုဂန်နဲ့ မာရက်ဇ်တို့ကို အရန်ခုန်မှာပဲထားပြီး ဂျီးဆပ်စ်၊ ဆာနေး၊ စတာလင်၊ ဆေးလ်ဗား၊ ဖာနန်ဒင်ဟို စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တာပါ။ ပွဲအစ ၁၀ မိနစ်မှာပဲ ဆာနေးရဲ့ ပေးပို့မှုကနေ တိုက်စစ်မှူး ဂျီးဆပ်စ်က မန်စီးတီးအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ဒီနောက် မန်စီးတီးကပဲ တောက်လျှောက် ဖိကစားပြီး ၃၉ မိနစ်မှာ ပယ်နယ်တီကတဆင့် ဂျီးဆပ်စ်ကပဲ ကန်သွင်းယူကာ ပထမပိုင်းမှာ မန်စီးတီး ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဝုဗ်အသင်းကို တောက်လျှောက် ဖိအားပေးကစားနိုင်ပြီး ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ အပြတ် အသာစီးရခဲ့ပါတယ်။ မန်စီးတီးအတွက် တတိယဂိုးကိုတော့ ပွဲချိန် ၇၈ မှာ ရသွားပြီး လူစားဝင်ကစားသမား ဒီဘရိုင်းရဲ့ ကန်သွင်းချက် ဝုဗ်နောက်ခံလူ တားဆီးရာက ဂိုးထဲဝင်သွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်စီးတီးအတွက် ခြေစွမ်းပြပြီး ၂ ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်ကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ မန်စီးတီးအသင်းက ရမှတ် ၅၃ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နေသလို ဝုဗ်ကလည်း ၂၉ မှတ်နဲ့ အဆင့် ၁၁ မှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up