Home
မြန်မာသတင်း
အုပ်စုဖွဲ့အကြမ်းဖက်မှုများကို စနစ်တကျကိုင်တွယ်ဖြေရှင်းရန် ရဲချုပ်တိုက်တွန်း
ပိုင်စိုး
·
January 14, 2019
နည်းပညာတိုးတက်လို့ ဖြစ်ပေါ်လာတဲ့ မှုခင်းပုံစံအသစ်တွေ၊ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေအကြား ဖြစ်ပေါ်လာနိုင်တဲ့ ကြောက်ရွံ့မှုနဲ့ ဘဝလုံခြုံမှု အတွက် ရဲတပ်ဖွဲ့အနေနဲ့ စနစ်တကျ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးသွားဖို့ ရဲချုပ်က တိုက်တွန်း လိုက်ပါတယ်။ ဒီနေ့မနက် ပြင်ဦးလွင်မြို့နယ် ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှာလုပ်တဲ့ ဒုရဲအုပ်လောင်း သင်တန်းဆင်းပွဲမှာ ပြောကြားခဲ့တာပါ။ ရဲချုပ် ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက “သင်တန်းဆင်း ဒုရဲအုပ်လောင်းတွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ခေါင်းဆောင်ငယ်တွေအဖြစ် တာဝန်ထမ်းဆောင်ကြရမယ့် အရာရှိတွေ ဖြစ်လို့ မိမိကွပ်ကဲအုပ်ချုပ်ရတဲ့ တပ်ဖွဲ့ဝင်တွေအပေါ် မှန်မှန်ကန်ကန် ခေါင်းဆောင်လို့ လက်အောက်က ယုံကြည်အားကိုးပြီး တစိတ်တဝမ်းတည်း အားလုံး လိုက်ပါဆောင်ရွက်တဲ့ ခေါင်းဆောင်မှုမျိုးဖြစ်အောင် ကျင့်ကြံနေထိုင် လုပ်ကိုင်သွားပါ”လို့ မှာကြားပါတယ်။ အမျိုးသမီးရဲအရာရှိတွေအနေနဲ့လည်း အမျိုးသားရဲတပ်ဖွဲ့ဝင်တွေနဲ့ အတူ ရင်ဘောင်တန်းပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ မှုခင်း တိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေးကဏ္ဍတွေမှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ဖို့လည်း ရဲချုပ်က ပြောပါတယ်။ ဒါ့အပြင် ဒီမိုကရေစီကျင့်စဉ်နဲ့ကိုက်ညီတဲ့ ပြည်သူလူထုပူးပေါင်းပါဝင်တဲ့ ရဲတပ်ဖွဲ့ လုပ်ငန်းစဉ်တွေကို ကြိုးပမ်းဆောင်ရွက်ပြီး ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုရအောင် ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အလေးထား ဝန်ဆောင်မှုတွေပေးသွားဖို့လည်း တိုက်တွန်းပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ဒုရဲအုပ်လောင်းသင်တန်းအမှတ်စဉ် ၉၃ မှာ အရာရှိ အမျိုးသား ၂၀၈ ယောက်၊ အမျိုးသမီး ၁၁၃ ယောက် သင်တန်းဆင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024