Home
မြန်မာသတင်း
ဦးခွန်ထွန်းဦး ကုလညီလာခံကို မြန်မာကိုယ်စားလှယ်အဖြစ် တက်မည်
နန်းမြနဒီ
·
September 17, 2012
အစိုးရက ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ ရဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ထည့်သွင်း တာဝန်ပေးလိုက်ပါတယ်။ သမ္မတဦးသိန်းစိန်က ဦးခွန်ထွန်းဦးကို ကမ္ဘာ့ကုလသမဂ္ဂညီလာခံ တက်ရောက်မယ့်  ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ဖို့ ကမ်းလှမ်းချက်အပေါ် လက်ခံလိုက်တာလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။ သမ္မတရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုမှု နဲ့ ပြုပြင်ပြောင်းလဲရေးတွေကို တစိုက်မတ်မတ် ဆက်လုပ်သွားနိုင်ဖို့ အားပေးလိုတဲ့အတွက် လက်ခံလိုက်တာလို့ ဆိုပါတယ်။ “ကျနော်တို့သဘောထားကတော့ သမ္မတ ဦးသိန်းစိန်လုပ်နေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စတဲ့ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်တဲ့အခါ အဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်သင့်တယ်။ လုပ်သင့်လုပ်ထိုက်တယ်။ သမ္မတကြီးလုပ်ရပ်က အခုအချိန်မှာ အစပဲရှိသေးတယ်။ ဆက်လက်ဆုံးခန်းတိုင်အောင် ပန်းတိုင်ရောက်အောင်လုပ်ဖို့အတွက်ကို တထောင့်တနေရာက ကူညီအားပေးသင့်တယ် ယူဆလို့ ၀င်ရောက်အားဖြည့်တဲ့သဘောပါ။” သူတို့ပါတီအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထောက်ခံအားပေးနေမှာဖြစ်သလို ဗဟိုချုပ်ကိုင်မှုဖြေလျော့ရေး လုပ်ငန်းတွေကိုလည်း အားဖြည့်သွားမယ်လို့ ဆိုပါတယ်။ နိုင်ငံတော်ရဲ့အနာဂတ် ပိုပြီးကောင်းမွန်လာဖို့အတွက် အစိုးရအဖွဲ့နဲ့ သာမကဘဲ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ တခြားအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဦးစိုင်းလိတ်က ဆက်ပြောပါတယ်။ ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးဟာ အမေရိကန်အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့ (အန်အီးဒီ) က ချီးမြှင့်တဲ့ ၂၀၁၂ ဒီမိုကရေစီဆုကို တက်ယူဖို့ ဗဟိုပါတီဝင်တဦးဖြစ်သူ စိုင်းဆမ်ဖွဏ်ဆိုင်နဲ့အတူ အမေရိကန်နိုင်ငံကို စက်တင်ဘာ ၁၄ ရက်နေ့က ထွက်ခွာသွားပြီဖြစ်ပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့ ဆုချီးမြှင့်ပွဲတက်ရောက်ပြီးရင် ၂၉ ရက်နေ့ မှာတော့ ကယ်လီဖိုးနီးယားပြည်နယ် ရှမ်းလူမှုရေးနဲ့ ယဉ်ကျေးမှုအဖွဲ့ (စီအက်စ်အက်စ်စီအက်စ်) က ဖိတ်ခေါ်ထားတဲ့ ဂုဏ်ပြုညစာစားပွဲကိုလည်း တက်ရောက်ဖို့ရှိတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။ ဦးခွန်ထွန်းဦးဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံး အနိုင်ရရှိခဲ့တဲ့ နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး   ရှမ်းပြည်အတိုင်ပင်ခံ အဖွဲ့ ဖွဲ့စည်းဖို့ ကြိုးစားစဉ်မှာ နှစ် ၁၀၀ နီးပါး ထောင်ချမှတ်ခံရပြီး   ဒီနှစ်ဆန်းပိုင်းကမှ  သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024