အမေရိကန်-မက္ကဆီကိုနယ်စပ် တံတိုင်းဆောက်လုပ်ရေး အရေးပေါ်အခြေအနေ မကြေညာသေးဟု ထရမ့်ပြော

အမေရိကန်-မက္ကဆီကို နယ်စပ်မှာ တံတိုင်းဆောက်လုပ်ရေး ရန်ပုံငွေရဖို့နဲ့ အစိုးရလုပ်ငန်းစဉ် တစိတ်တပိုင်း ရပ်ဆိုင်းမှု အဆုံးသတ်ရေး နည်းလမ်းတခုအနေနဲ့ နိုင်ငံလုံးဆိုင်ရာ အရေးပေါ် အခြေအနေကို လောလောဆယ် မကြေညာသေးဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။ ကျနော်တို့က အောက်လွှတ်တော်ကို သူ့အလုပ်သူ လုပ်စေချင်တာပါလို့ နယ်စပ်လုံခြုံရေး နဲ့ ပတ်သက်ပြီး အိမ်ဖြူတော်မှာ ထရမ့်က ပြောပါတယ်။ ဒီမိုကရက်အမတ်တွေ ပြန်လာပြီး မဲပေးသင့်တယ်လို့လည်း ထရမ့်က ပြောပါတယ်။ နယ်စပ် တံတိုင်းအတွက် ရန်ပုံငွေအရေးနဲ့ ပတ်သက်ပြီး ထရမ့်နဲ့ အောက်လွှတ်တော်က ဒီမိုကရက် ပါတီဝင် အမတ်တွေကြား သဘောထားကွဲလွဲလို့ ဒီဇင်ဘာ ၂၂ ရက်ကတည်းက အစိုးရအဖွဲ့အတွင်း လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းနေခဲ့တာပါ။ ထရမ့်က သူ့မှာ အရေးပေါ် အခြေအနေ ကြေညာခွင့် ရှိတယ်လို့ ထပ်ပြောရင်း ဒီလောက် မြန်မြန်တော့ လုပ်ဦးမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ “လူဝင်မှု ကြီးကြပ်ရေးမှာ အကြီးစား ပြုပြင်ပြောင်းလဲဖို့ စဉ်းစားရေး လမ်းဖွင့်ထားတယ်၊ ဒါပေမယ့် တံတိုင်းအတွက် ရန်ပုံငွေရပြီးမှ အဲလို လုပ်မယ်” လို့ ထရမ့်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up