Live
Home
မြန်မာသတင်း
မြိတ်တွင် ကျပ်သိန်း ၄၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
January 12, 2019
မြိတ်မြို့၊ အထက်ရေပုန်းရပ်၊ ဇင်ယော်မင်းရေခဲစက်လမ်းသွယ်မှာ ဇန်နဝါရီ ၁၁ ရက်က ကျပ်သိန်း ၄၆၀၀ ကျော်တန်ဖိုးရှိ WY စာတန်းပါ မူးယစ်ဆေး ပြား ၉ သောင်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ရဲက ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် မှုခင်းအကူရဲတပ်ဖွဲ့က WY မူးယစ်ဆေးနဲ့ အတူ ဖမ်းဆီးရမိထားတဲ့ မောင်ဦး(ခ)မတ်တာကီရဲ့ ထွက်ဆိုချက်အရ ဇင်ယော်မင်း ရေခဲစက်လမ်းသွယ်မှာ နေထိုင်တဲ့ သိန်းနိုင်မြင့်(ခ)အာယုခန်းရဲ့ ဆိုင်ကယ်ကို စစ်ဆေးရာ WY မူးယစ်ဆေးပြား ၂၈၀၀ ရှာဖွေဖမ်းဆီးမိခဲ့တယ်လို့ အမှတ် ၂ နယ်မြေရဲကင်းမှ ဒုရဲအုပ်ကျော်ဆန်းဦးက ပြောပါတယ်။ “မူးယစ်ဆေး အပြား ၂၀ ဖမ်းမိထားတဲ့ တရားခံရဲ့ထွက်ဆိုချက်နဲ့ နောက်ထပ်သိ န်းနိုင်မြင့်နဲ့ အရောင်းဝယ်လုပ်မယ့် ဇင်ယော်မင်းလမ်းသွယ်မှာ သွားစောင့်တယ်။ သိန်းနိုင်မြင့်က ဆိုင်ကယ်နဲ့ဝင်လာတာတွေ့တော့ ရပ်နားခိုင်းပြီး ဆိုင်ကယ်နဲ့ ခန္ဓာကိုယ်မှာရှာဖွေတော့ WY မူးယစ်ဆေး ၂,၈၀၀ ပြားတွေ့တယ်။ ထပ်ပြီး စစ်ဆေးတော့ သူ့အိမ်မှာ ကျန်သေးတယ်ဆိုလို့ ခရိုင်ရဲမှူးထုတ်ပေးတဲ့ဖမ်းဝရမ်းနဲ့ သွားရှာတော့ အိမ်ထဲမှ သူနဲ့အတူ ဖြန့်ဖြူးနေတဲ့ စိုးနိုင်(ခ)ဟာဖွီး ကိုတွေ့တာကြောင့် ခန္ဓာကိုယ်နဲ့ နေအိမ်အနှံ့အပြားမှာ ရှာဖွေတာ WY မူးယစ်ဆေးပြားရေ ၉ သောင်းထပ်ပြီး ဖမ်းဆီးမိတယ်။ ပြားရေအားလုံးပေါင်း ၉၂,၈၀၀ ဖြစ်တယ်။ ကာလတန်ဖိုးဆိုရင် သိန်း ၄၆၄၀ ရှိတယ်။” မြိတ်မြို့နယ်အတွင်မှာ WY မူးယစ်ဆေးဖမ်းဆီးတဲ့ သက်တမ်းတလျှောက်မှာ အခုအကြိမ်ဟာ အရေအတွက်အများဆုံးဖြစ်ကြောင်းသိရပါတယ်။ မြိတ်မြို့မ ရဲစခန်းက မူးယစ်ဆေး လက်ဝယ်ထားရှိဖြန့်ဖြူးရောင်းချသုံးစွဲသူများဖြစ်တဲ့ သိန်းနိုင်မြင့်(ခ) အာယုခန်းနဲ့ စိုးနိုင် (ခ) ဟာဖွီး တို့နှစ်ဦးကို မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024