ဗင်နီဇွဲလားသမ္မတ မာဒူရို ဒုတိယမြောက် ရာထူးသက်တမ်းအတွက် ကျမ်းကျိန်

ဓာတ်ပုံ - Getty Images
533
ဗင်နီဇွဲလားသမ္မတ မာဒူရိုဟာ ဇန်နဝါရီ ၁၀ ရက်နေ့က ဒုတိယမြောက် ရာထူးသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ဘဲ ဗင်နီဇွဲလားဟာ နောက်ထပ် အထီးကျန်မှု ရင်ဆိုင်နေရတယ်ဆိုတဲ့ နိုင်ငံတကာ ဝေဖန်မှုကို မာဒူရိုက အရေးမစိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အစိုးရကိုထောက်ခံတဲ့ နိုင်ငံတော်တရားရုံးချုပ်က ကျမ်းသစ္စာဆိုပွဲ အခမ်းအနားကို ကျင်းပပေးခဲ့ပြီး သမ္မတ ထောက်ခံသူတွေက ဗင်နီဇွဲလား အလံငယ်တွေကို ဝှေ့ယမ်း ဂုဏ်ပြုခဲ့ပါတယ်။
ကွန်ဂရက်မှာ ကျမ်းသစ္စာဆိုပွဲ အခမ်းအနား မပြုလုပ်တဲ့ အကြောင်းရင်းကို တရားရုံးချုပ် အကြီးအကဲက ကွန်ဂရက်မှာ အတိုက်အခံတွေ ကြီးစိုးလာတဲ့ ၂၀၁၆ ခုနှစ်ကစလို့ အာဏာရ ဆိုရှယ်လစ်ပါတီဟာ ကွန်ဂရက်ကို အလေးမစိုက်ခဲ့ဘူးလို့ ပြောပါတယ်။
အခု သမ္မတ မာဒူရိုရဲ့ ရာထူးလက်ခံပွဲ အခမ်းအနားကို ပါရာဂွေးနဲ့ အာဂျင်တီးနားသမ္မတတို့က ပြစ်တင်ရှုတ်ချခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။