Home
မြန်မာသတင်း
လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ရှမ်းမြောက်ပိုင်းတွင် ဆုံဆို့နာဖြစ်ပွား၊ ၁ ဦး သေဆုံး
DVB
·
January 11, 2019
သီပေါ်မြို့နယ်မှာ ဆုံဆို့နာ သံသယလူနာ ၂ ဦး တွေ့ရှိခဲ့ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့  လားရှိုးမြို့ပြည်နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာအောင်ပိုင်ကိုက ပြောပါတယ်။ “သီပေါမြို့နယ်မှာ ဒီရက်ပိုင်းအတွင်းက ဆုံဆို့နာဖြစ်တဲ့ သံသယလူနာ ၂ ဦးတွေ့ရှိခဲ့တယ်၊ ၁ ဦး သေဆုံးခဲ့တယ်။ စာရင်းဇယားတွေအရ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က သီပေါမြို့နယ်မှာ ဆုံဆို့နာ ဖြစ်သူ ၁၅ ဦးရှိခဲ့ပါတယ်၊ ၂ ဦး သေဆုံးခဲ့ပါတယ်။” လေထဲကတဆင့်ကူးဆက်တဲ့ ရောဂါပိုးတခုဖြစ်တဲ့ ဆုံဆို့နာရောဂါဟာ ကာကွယ်ဆေးထိုးဖို့ မလွှမ်းခြုံနိုင်သေးတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေးပဋိပက္ခဒေသတွေနဲ့ ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာနေပြည်သူတွေမှာ အများဆုံးဖြစ်ပွားပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက ကွတ်ခိုင်၊ မူဆယ်၊ နောင်ချိုမြို့နယ်တွေမှာ ၁ ဦးစီ ဖြစ်ပွားခဲ့ပြီး၊ လားရှိုးမြို့နယ်မှာ ၇ ဦးဖြစ်ပွားကာ သီပေါ မြို့နယ်မှာတော့ ၁၅ ဦးဖြစ်ပွားခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက ဆုံဆို့နာဖြစ်ပွားတဲ့ လူနာတွေရဲ့ အသက်အပိုင်းခြားကတော့ အသက်အငယ်ဆုံး ၂ နှစ်ကနေ အသက်အကြီးဆုံး ၄၅ နှစ်ထိ ဖြစ်ပါတယ်။ “ဆုံဆို့နာဟာ အသက်အရွယ်မရွေးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ က (၅) မြို့နယ်မှာ ဆုံဆို့နာ သံသယလူနာ ၂၅ ဦး တွေ့ခဲ့တယ်။ များသောအားဖြင့်တော့ ကာကွယ်ဆေးမရကြတဲ့သူတွေ အဖြစ်များတယ်။ ကျနော်တို့ ရှမ်းပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေရှိနေတယ်။ တချို့နယ်မြေတွေဆို ကျန်းမာရေးဝန်ထမ်းတွေ ၀င်လို့မရဘူး။ ဒါကြောင့် မြို့နယ်တိုင်းကို ကာကွယ်ဆေးလွှမ်းခြုံနိုင်ဖို့ ခက်ခဲတယ်” လို့ ဒေါက်တာအောင်ပိုင်ကိုက ပြောပါတယ်။ ကျန်းမာရေးဌာနကနေ ကလေးမွေးကင်းစကစပြီး ကာကွယ်ဆေး ၁၁ မျိုးကို အခမဲ့ထိုးပေးနေပါတယ်။ အခုလက်ရှိ ဆုံဆို့နာဖြစ်ပွားတဲ့ လူနာအများစုဟာ ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေဖြစ်ပါတယ်။ ကျန်းမာရေးဌာနရဲ့ ကွင်းဆင်းစစ်ဆေးချက်တွေအရ သီပေါမြို့ပေါ်က အစိုးရ စာသင်ကျောင်းတွေကို ဒေသအတွင်းကျေးရွာ အနှံ့ကနေ ကျောင်းပညာလာရောက် သင်ကြားကြတဲ့ ကလေး သူငယ် ၃၀၀၀ လောက်ဟာ ကာကွယ်ဆေးမထိုးရသေးကြောင်း တွေ့ရှိခဲ့ပါတယ်။ “သီပေါမှာ ဆုံဆို့နာ သံသယလူနာ အတွေ့များလို့ ၁၁ နှစ်အောက်ကလေးတွေကို စစ်တမ်းကောက်ကြည့်တော့ သီပေါမြို့ပေါ်မှာတင် ကလေး ၃၀၀၀ လောက် ကာကွယ်ဆေး ထိုးမထားကြရသေးဘူး။ အဲ့ဒီကလေးတွေက သီပေါမြို့နယ်အတွင်းက ဝေလံတဲ့ ကျေးရွာတွေကနေ သီပေါမြို့ပေါ်က ကျောင်းတွေကိုလာပြီး ကျောင်းတက်နေကြတာဖြစ်တယ်။ ကျေးရွာတွေမှာ မူလတန်းကျောင်းလောက်ပဲရှိတော့ အလယ်တန်းနဲ့ အထက်တန်းပညာဆက်သင်ချင်ကြတဲ့ ကလေးတွေ မြို့မှာလာနေပြီး ကျောင်းဆက်တက်ရတာဖြစ်တယ်။” လို့ သူကဆက်ပြောပါတယ်။ သီပေါမြို့နယ်အတွင်းမှာ ဒီနှစ်ဆန်းပိုင်းက ဆုံဆို့နာ သံသယလူနာစတွေ့ရှိခဲ့တဲ့ ကျေးရွာက ကလေးတွေအပြင် ကွင်းဆင်စစ်ဆေးချက်အရတွေ့ရှိခဲ့တဲ့ သီပေါမြို့ပေါ်က ကာကွယ်ဆေးမထိုးရသေးတဲ့ အသက် ၁၁ အောက် ကလေးတွေကိုလည်း ကျန်းမာရေးဌာနက ကာကွယ်ဆေးထိုးပေးပြီးဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက ကာကွယ်ဆေးမထိုးရသေးတဲ့ ကလေးသူငယ်တွေကို လိုက်လံရှာဖွေဖော်ထုတ်ပြီး ကာကွယ်ဆေးထိုးပေးနိုင်ဖို့ နိုင်ငံခြားအဖွဲ့အစည်းတခုက လှူဒါန်းထားတဲ့ ရန်ပုံငွေနဲ့ စီမံကိန်းဆွဲပြီးဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024