တောင်ကိုရီးယား အငှားယာဉ်မောင်းတဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ

ဓာတ်ပုံ - AFP
ကားမျှစီးတဲ့ ဝန်ဆောင်မှုကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ တောင်ကိုရီးယား အငှားယာဉ်မောင်းတဦး သူ့ကိုယ်သူ မီးရှို့သတ်သေခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး လက်ကိုင်ဖုန်း အပလီကေးရှင်းက မိတ်ဆက်တဲ့ ကားခမျှဝေစီးနင်းတဲ့ ဝန်ဆောင်မှုကို ဆန့်ကျင်ဆန္ဒပြတဲ့ အနေနဲ့ ခုလိုလုပ်တာပါ။ ဒါဟာ တောင်ကိုရီးယားမှာ တလအတွင်း ဒုတိယမြောက် သူ့ကိုယ်သူ မီးရှို့သတ်သေတဲ့ အငှားယာဉ်မောင်းလည်း ဖြစ်ပါတယ်။ အသက် ၆၄ နှစ်အရွယ် ယာဉ်မောင်းဟာ သူ့ကား မီးမလောင်ခင်က ဆိုးလ်မြို့လယ်က အမေရိကန် သံရုံးနားမှာ ကားကို ရပ်ထားခဲ့ပါတယ်။ ဇန်နဝါရီ ၉ ရက် ညနေပိုင်းမှာ မီးလောင်နေတဲ့ သူ့ကားထဲကနေ သူ့ကို ဆွဲထုတ်ခဲ့ရာမှာ ယာဉ်မောင်းဟာ သတိမလစ်ဘဲ ရှိနေဆဲပါ။ ဒါပေမယ့် အနီးက ဆေးရုံကို ခေါ်သွားအပြီး နာရီပိုင်းအကြာမှာပဲ သေဆုံးသွားတယ်လို့ ရဲက ပြောပါတယ်။ ကားထဲမှာ အရည်ပျော်နေတဲ့ လောင်စာပုလင်းတွေ တွေ့တယ်လို့လည်း ရဲက ဆိုပါတယ်။ သူဟာ ကာကာအိုလို့ ခေါ်တဲ့ ကားမျှစီးတဲ့ လက်ကိုင်ဖုန်း အပလီကေးရှင်းကို ဆန့်ကျင်ရင်း ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြတဲ့ ဒုတိယမြောက် အငှားယာဉ်မောင်း ဖြစ်လာပါတယ်။ သူ့ရဲ့ သေတမ်းစာထဲမှာ တရားမဝင် အငှားယာဉ်လုပ်ငန်းလို့ သူကခေါ်တဲ့ ကားမျှစီးတဲ့ ဝန်ဆောင်မှုကို တားမြစ်ပိတ်ပင်ဖို့ ဆော်သြထားတယ်လို့ ယုံဟပ် သတင်းဌာနက ထုတ်ပြန်ပါတယ်။ ကားမျှစီးတဲ့ လုပ်ငန်းတွေဟာ ကမ္ဘာတလွှားက ခရီးသည်တွေအတွက် သယ်ယူပို့ဆောင်ခကို လျှော့ချပြီး ဝန်ဆောင်မှု တိုးပေးခဲ့တာပါ။ ဒါပေမယ့် တောင်ကိုရီးယားနိုင်ငံမှာတော့ အမေရိကန်လုပ်ငန်းကြီး အူဘာက ဈေးကွက်ပမာဏ နည်းနည်းပဲ ရှိပါတယ်။ ထင်မြင်ချက်စစ်တမ်းအရ တောင်ကိုရီးယားနိုင်ငံသား ၅၈ ဒသမ ၂ ရာခိုင်နှုန်းက ကားမျှစီးတဲ့ လုပ်ငန်းတွေ စဖို့ လိုလားပြီး ၁၂ ဒသမ ၅ ရာခိုင်နှုန်းကသာ ဆန့်ကျင်ကန့်ကွက်နေတာလို့ ပြဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up