ထွက်ပြေးလာသည့် ဆော်ဒီမိန်းကလေး ခိုလှုံခွင့်တောင်းခံမှုအပေါ် ဖခင်ဖြစ်သူ သဘောမတူ

1.5K
မိသားစုကို ကြောက်တယ်လို့ ပြောရင်း ထိုင်းနိုင်ငံကို ထွက်ပြေးလာတဲ့ ဆော်ဒီအမျိုးသမီးရဲ့ ဖခင်က သူ့သမီး ခိုလှုံခွင့်တောင်းခံတာကို သဘောမတူဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်အစီအစဉ်ကို ပြောခဲ့တဲ့အကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး အကြီးအကဲက ဇန်နဝါရီ ၉ ရက်မှာ ပြောပါတယ်။
သူ့သမီး ဘေးကင်းတာ သေချာလားဆိုတာ သူသိချင်တယ်၊ သူ့ကို အိမ်ပြန်ခေါ်ချင်တယ်လို့လည်း သူကပြောတယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး အကြီးအကဲ ဆူရာချာတေ ဟက်ခ်ပန်းက ပြောပါတယ်။
အသက် ၁၈ နှစ်အရွယ် ဆော်ဒီအာရေဗျနိုင်ငံသူ ရာဟက်ဖ်မိုဟမ်မဒ်အယ်လ် ကူနန်ဟာ မိသားစုက သတ်မှာကြောက်တယ်လို့ ပြောရင်း အဖေနဲ့အစ်ကိုကို တွေ့ဖို့ ငြင်းခဲ့သူပါ။
သူ့ကို တရားဝင်ဒုက္ခသည်အဖြစ် အသိအမှတ်ပြုဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆုံးဖြတ်ကြောင်း ကြေညာခဲ့တယ်၊ သူ့ကိုလက်ခံဖို့ သြစတြေးလျ အစိုးရကို ကုလသမဂ္ဂက တောင်းဆိုလိုက်တယ်လို့ သြစတြေးလျ အရာရှိတွေက ကြေညာချက် ထုတ်ပြန်ပါတယ်။
မိသားစုက ကူနန်ကို စိတ်ရောကိုယ်ပါ ညှဉ်းဆဲခဲ့တယ်ဆိုတဲ့ စွဲချက်ကိုလည်း ဖခင်ဖြစ်သူက ငြင်းပါတယ်။
ကူနန်ရဲ့ဖခင်ဟာ ကူနန် ခိုလှုံခွင့်ရတဲ့နေရာကို ရှင်းရှင်းလင်းလင်း သိတဲ့အချိန်ထိ ဆော်ဒီသံရုံးရဲ့ စောင့်ရှောက်မှုနဲ့ ထိုင်းနိုင်ငံထဲမှာ ဆက်နေမယ်လို့လည်း ဆူရာချာတေက ပြောပါတယ်။
ထိုင်းနိုင်ငံကို ဇန်နဝါရီ ၅ ရက်ညက ရောက်လာတဲ့ ကူနန်ဟာ ဆိုက်ရောက်ပြည်ဝင်ခွင့်အတွက် အထောက်အထား လုံလောက်အောင်မပါလို့ ပြည်ဝင်ခွင့် အငြင်းခံရပါတယ်။
ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ဇန်နဝါရီ ၇ ရက်နေ့မှာ ကူနန်ကို ကူဝိတ်နိုင်ငံဆီ ပြန်ပို့ဖို့ စီစဉ်ပြီးသား ဖြစ်ပေမယ့် ကူနန်က သူ့ကိုကူညီဖို့ အင်တာနက်ပေါ်ကနေ မေတ္တာရပ်ခံခဲ့လို့ နိုင်ငံတကာက အာရုံစိုက်ခဲ့ပါတယ်။
သူ့ကိစ္စကြောင့် အမျိုးသားအုပ်ထိန်းသူ မပါဘဲ အမျိုးသမီးတွေ ခရီးသွားခွင့် ပိတ်ပင်ချက်လိုမျိုး ဆော်ဒီရဲ့ တင်းကျပ်တဲ့ လူမှုရေးစည်းမျဉ်းတွေ အပေါ်လည်း တကမ္ဘာလုံးက အာရုံစိုက်ခဲ့တာပါ။
ဒီစည်းမျဉ်းကြောင့် အမျိုးသမီးတွေ မိန်းကလေးတွေဟာ ညှဉ်းပန်းနှိပ်စက်တဲ့ မိသားစုတွေရဲ့ အကျဉ်းသားဘဝမှာ ပိတ်မိနေနိုင်တယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက ပြောပါတယ်။