Home
မေးမြန်းခန်း
စင်ပြိုင်အစိုးရ ဖျက်သိမ်းလိုက်တဲ့အပေါ် မေးမြန်းချက်
ပီတာအောင်
·
September 14, 2012
ပြည်ပမှာ စင်ပြိုင်အစိုးရအဖြစ် နှစ်ပေါင်း ၂၀ကျော်ကြာ ရပ်တည်လာခဲ့တဲ့ ဒေါက်တာ စိန်ဝင်းခေါင်းဆောင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) အဖွဲ့ကို ဒီနေ့ ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ ခုချိန်မှာ ဘာကြောင့် ညွန့်ပေါင်းအစိုးရကို ဖျက်သိမ်းလိုက်ရတာလဲ၊ အနှစ် ၂၀ သက်တမ်းအတွင်း ဘာတွေ ထူးထူးခြားခြားဆောင်ရွက်ခဲ့ပါသလဲ၊ အဖွဲ့ဝင်တွေ အနေနဲ့ ရှေ့ဆက်ဘာလုပ်သွားမလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး အန်စီဂျီယူဘီ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန်ယူခဲ့တဲ့ ဦးဘိုလှတင့်ကို ဆက်သွယ်  မေးမြန်းထားပါတယ်။ [caption id="attachment_30797" align="alignleft" width="270" caption="ဦးဘိုလှတင့်"][/caption] “ဟုတ်ပါတယ် ၁၄ ရက်နေ့ကပါ။ ကျနော်တို့ ထုံးစံအရကတော့ ၄ နှစ် ၁ ကြိမ် ကျင်းပတဲ့ ပြည်ပရောက်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ ညီလာခံပေါ့။ သူတို့က လုပ်ပိုင်ခွင့်တွေ ပေးတာကိုး။ သူတို့ခွင့်ပြုချက်အရ ညီလာခံတော့ မကျင်းပနိုင်ဘူးပေါ့။ သို့သော် အမတ်အများစုရဲ့ သဘောတူညီချက်နဲ့ ဒီကနေ့ဖြစ်နေတဲ့ အနေအထားပေါ်မှာ သုံးသပ်ပြီးတော့ ဖျက်လိုက်တာပါ။ ဒါကြောင့် ဖျက်သိမ်းဖို့ ထုတ်ပြန်ကြေညာတာပါ။” ဖျက်လိုက်ရတဲ့ အကြောင်းရင်းက လွှတ်တော်အမတ်တွေက သဘောတူညီတာကလည်း တကြောင်းပေါ့။ နောက်တခုက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေက ဒီ အန်စီဂျီယူဘီ မဖွဲ့ခင်က လိုလားတောင့်တခဲ့တဲ့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီအရေး၊ ၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး ကိစ္စတွေ ရနေပြီလို့ ယူဆလို့ ဖျက်သိမ်းလိုက်တာလား။ ဘာကြောင့်ပါလဲ။ “အဓိကက အန္တိမ ဦးတည်ချက်က ၄ ရပ်ရှိပါတယ်။ ပထမက ၁၉၉၀ ပြည့်နှစ်က ရွေးချယ် ခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တာနဲ့အညီ ရွေးကောက်ပွဲရလဒ်တော့ အကောင်အထည်ဖော်တာ မတွေ့ရသေးဘူးပေါ့။ နောက်တခုက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ အားလုံးပါဝင်ပတ်သက်သင့်တဲ့သူတွေ ပါဝင်နိုင်တဲ့ ကျယ်ပြန့်တဲ့ အမျိုးသားနိုင်ငံရေးလုပ်ငန်းစဉ် မပေါ်ထွန်းလာသေးဘူး။ သို့သော်လည်း အစဉ်အမြဲ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဦးထိပ်ထားတော့ အဲရွေးကောက်ပွဲ ရလဒ်ပိုင်ရှင်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင်သော်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သော်လည်းကောင်း ပြည်တွင်းမှာရွေးကောက်ပွဲ ပြန်ဝင်တယ်၊ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်တင်ကြတယ်။ ၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲကိုယ်စားလှယ်တွေ ကိုယ်တိုင်က ကြားဖြတ်ရွေးကောက်ပွဲ ပြန် ၀င်ပြီးတော့ ပြည်သူ့လွှတ်တော်ပြန်တက်နေကြတယ်။ တချိန်တည်းမှာပဲ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း မီဒီယာနဲ့ဖြစ်စေ၊ ပြည်တွင်းပြည်ပပေါ့ လွတ်လွတ်လပ်လပ် လှုပ်ရှားပြောဆိုလာနိုင်တဲ့အခါကြတော့ ကျနော်တို့ ရည်မှန်းချက်တွေ အပြည့်အ၀မရသေးပေမယ့်လို့ ဒီလိုအနေအထားအမျိုးမှာ ကျနော်တို့အစိုးရအဖွဲ့ကို ဖျက်သိမ်းပေးလိုက်ပေးခြင်းအားဖြင့် ဒီနေ့တိုင်းပြည်မှာ မရှိမဖြစ်လိုအပ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးရရှိဖို့ ကြိုးပမ်းနေမှုတွေ၊ အားလုံးပါဝင်ပတ်သက်သင့်တဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အားလုံးပါဝင်နိုင်တဲ့ ကျယ်ပြန့်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ပေါ်ထွန်း လာရေး ကြိုးပမ်းမှုတွေအားလုံး အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်လို့ ဖျက်သိမ်းလိုက်တာပါ။” အန်စီဂျီယူဘီအဖွဲ့အနေနဲ့က ရှေ့ဆက်ဘာဆက်လုပ်သွားမလဲ။ “အဖွဲ့ကတော့ မရှိတော့ဘူး။ သို့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေ တဦးချင်းအနေနဲ့သော် လည်းကောင်း၊ ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသမဂ္ဂဆိုတာလည်း ဆက်ရှိနေတယ်လေ။ အဲဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သမဂ္ဂကတော့ ဆက်ပြီးတော့၊ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ရလဒ်ကို အပြည့်အ၀အကောင်အထည်ဖော်ဖို့တော့ မဟုတ်တော့ဘူးပေါ့။ သို့သော်လည်း ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲဟာ တိုင်းပြည်မှာ သမိုင်းတခုကို၊ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တယ်။ မြန်မာလူထုရဲ့ ဆန္ဒတခုကို သမိုင်းမှာ ဒီအတိုင်း ပျက်ပြယ်သွားတာမျိုး မဖြစ်စေချင်တော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ သမဂ္ဂကတော့ ပြည်သူလူထုက ၁၉၉၀ ရွေးကောက်ပွဲမှာ ထုတ်ဖော်ပြသခဲ့တဲ့ ဆန္ဒကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေက တိုင်းပြည်ထူထောင်ရေးနဲ့ဆက်စပ်ပြီး ပါဝင်ဆောင်ရွက်နိုင်ရေး ဆက်လုပ်သွားမှာပါ။ အစိုးရအဖွဲ့ကမရှိတော့ဘူးဆိုတော့ အဲဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးချင်းအနေနဲ့တော့ အဲအဖွဲ့ထဲမှာ ဆက်ပြီး ပါသွားမယ်။ မြန်မာနိုင်ငံမှာလူ့အခွင့်အရေးနဲ့ဒီမိုကရေစီထွန်းကားရေး၊ အားလုံးစစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ကိစ္စတွေမှာတော့ လုပ်ကိုင်နေတဲ့ အဖွဲ့တွေအားလုံးနဲ့ လက်တွဲလုပ်ဆောင်သွားမယ်ပေါ့။” နှစ် ၂၀ လုပ်ဆောင်ခဲ့တဲ့ ကာလကိုပြန်ကြည့်မယ်ဆိုရင် အန်စီဂျီယူဘီဟာ ဘယ်အရေးမှာ အအောင်မြင်ဆုံးဖြစ်ခဲ့တယ်လို့ ပြောလို့ရမလဲ။ “ကဏ္ဍအလိုက်ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက စစ်အာဏာရှင်လက်အောက်မှာ အထီးကျန်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် အထီးကျန်ဖြစ်ရေးဆောင်ရွက်ခဲ့တော့ နိုင်ငံတကာက မြန်မာပြည်မှာ ဘာဖြစ်ခဲ့သလဲဆိုတာတောင် မသိကြတော့၊ အဲကာလမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေ၊ နိုင်ငံတကာမိသားစုက သိလာအောင်၊ အထူးသဖြင့် ကုလသမဂ္ဂကသိလာပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထွေထွေညီလာခံဆုံးဖြတ်ချက်တွေ၊ လူ့အခွင့်အရေးဆုံးဖြတ်ချက်တွေ ကျလာအောင် ၁၉၉၁ ခုနှစ်ကတည်းက စပြီး ကြိုးပမ်းနိုင်ခဲ့တယ်။ နှစ်စဉ် ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာ ကုလသမဂ္ဂအမြင့်ဆုံးဖြစ်တဲ့ လုံခြုံရေးကောင်စီအဆင့်အထိ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ကိစ္စတွေ တင်ပြနိုင်ခဲ့တာတွေက ထူးခြားတယ်လို့ ပြောလို့ရပါတယ်။ ဒါက နိုင်ငံရေးနယ်ပယ်မှာ ကုလသမဂ္ဂနယ်ပယ်မှာဖြစ်ခဲ့တဲ့ ကိစ္စတခုတည်းကို ပြောတာဖြစ်ပါတယ်။” အန်စီဂျီယူဘီကိုလည်း ပြည်တွင်းပြည်ပက ဝေဖန်တာရှိပါတယ်။ ရှိလို့ရှိမှန်းတောင် မသိရတဲ့ အစိုးရဆိုပြီး ပြောတာလည်းရှိပါတယ်။ တကယ်မျှော်မှန်းထားသလောက် ထိထိရောက်ရောက် မဆောင်ရွက်နိုင်တဲ့အပေါ်မှာရော အားနည်းချက်တွေ ပြန်သုံးသပ်မိတာရှိပါလား။ “ရှိပါတယ်။ ပြည်သူလူထုပဲဖြစ်စေ၊ အများစုကတော့ အဝေးရောက်အစိုးရပဲဖြစ်ဖြစ်၊ စင်ပြိုင်အစိုးရပဲဖြစ်ဖြစ် အခြေအနေတရပ်လုံးကို ပြောင်းလဲသွားစေနိုင်တဲ့ စွမ်းအားတွေရှိတဲ့ အစိုးရမျိုး၊ အင်အားကောင်းတဲ့ အစိုးရမျိုး ဖြစ်စေချင်မှာပါပဲ။ ဒါက ပြည်သူလူထုနဲ့ အားလုံးသော ထောက်ခံအားပေးသူတွေရဲ့ ဆန္ဒပါ ကျနော်တို့ လေးစားပါတယ်။ သို့သော် တကယ်လက်တွေ့မှာ ဆောင်ရွက်ခဲ့ရတာ ကျနော်တို့ ရွေးကောက်ပွဲရလဒ်ပိုင်ရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဓိက နိုင်ငံရေးခေါင်းဆောင်တွေက ပြည်တွင်းမှာ ရှိတယ်။ အချို့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့သာ စုစည်းပြီး ပြည်သူလူထုက အပ်နှင်းထားသော တာဝန်တွေကိုသာ စေတနာနဲ့ ကျနော်တို့က ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ပါဝင်သင့်တဲ့ လူတွေအားလုံး ပါဝင်ဆောင်ရွက်ခဲ့တာ မဟုတ်တော့ ကျနော်တို့ ညွန့်ပေါင်းအစိုးရမှာ အင်မတန်မှ စွမ်းအားကောင်းတဲ့ အစိုးရမျိုး မဖြစ်ခဲ့တာတော့ အားလုံးလည်း သိတယ်။ ကျနော်တို့ အစိုးရကိုယ်တိုင်လည်း ၀န်ခံကြရမှာဖြစ်တယ်။ ဒါပေမယ့် အစကတည်းက နိုင်ငံရဲ့ နိုင်ငံရေးအာဏာကို အပြောင်းအလဲလုပ်ယူမယ့် အစိုးရမျိုးဖွဲ့ခဲ့တာမဟုတ်ပါဘူး။ ပြည်သူ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သူ့ခေါင်းဆောင်တွေ မလုပ်နိုင်တဲ့အချိန်ကာလမှာ ကျနော်တို့က လုပ်သင့်လုပ်ထိုက်တာကို ကျနော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တာနဲ့အညီ တတ်နိုင်သမျှ ကြိုးပမ်းမယ်လို့ ခံယူချက်နဲ့ လုပ်ခဲ့ကြတဲ့အခါ အားနည်းချက်တွေ၊ ပြည်သူလူထုရဲ့ လိုလားချက်တွေနဲ့ မျှော်လင့်ချက်တွေ မဖြည့်ဆည်းနိုင်တာတွေ ရှိခဲ့တယ်ဆိုတာကို ၀န်ခံကြရမှာဖြစ်ပါတယ်။” အန်စီဂျီယူဘီအဖွဲ့ ဖျက်သိမ်းလိုက်ပြီဆိုတော့ ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်တွေအနေနဲ့ မြန်မာ နိုင်ငံထဲ ပြန်ပြီး မြန်မာ့နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ဖို့ အခြေအနေ ရှိပါသလား။ “ဒါကတော့ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အကန့်အသတ်တွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ထိထိရောက်ရောက် ပါဝင်ပတ်သက်ဖို့ ဆိုရင် ပြည်တွင်းမှာ ၁၀ နှစ်၊ ၁၅ နှစ်ဆက်တိုက် နေခဲ့ကြရမယ်ဆိုတဲ့ အကန့်အသတ်တွေ ရှိနေတယ်ဆိုတော့ ကျနော်တို့ ပြည်ပမှာ ဘယ်လိုအတွေ့အကြုံတွေ ရရှိခဲ့သည်ဖြစ်စေ ဒီအတွေ့အကြုံတွေကို တိုင်းပြည်မှာ ပြန်လည်ဝေငှပေးနိုင်ဖို့ဆိုတာ အခက်အခဲတွေ အများကြီးရှိပါသေးတယ်။ သို့သော်လည်း ကျနော်တို့အနေနဲ့ တိုက်ရိုက်ပတ်သက်နိုင်သည်ဖြစ်စေ ၊ သွယ်ဝိုက်ပြီး ပတ်သက်နိုင်သည်ဖြစ်စေ တိုင်းပြည်ပြန်လည်ထူထောင်ရေး ၀ိုင်းဝန်းကြိုးပမ်းနေတဲ့ ကာလမှာတော့ တတ်နိုင်တဲ့ကဏ္ဍကနေ ပြန်လည်ပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ ၊ ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ကတော့ အားလုံးသော အန်စီဂျီယူဘီမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပြည်သူ့ ကိုယ်စားလှယ်တိုင်းမှာ ဆန္ဒရှိတယ်ဆိုတာ ပြောချင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024