မြန်မာကလေးငယ် ၄ သိန်း အန္တရာယ်ရှိသည့် အလုပ်များ လုပ်ကိုင်နေရ
ပိုင်စိုး
·
January 9, 2019
မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်ဝင်နေကြရတဲ့ ကလေးငယ်ပေါင်း ၁၄ သိန်းကျော်ရှိပြီး ၄ သိန်းလောက်ဟာ အန္တရာယ်ရှိတဲ့ အလုပ်တွေကို လုပ်ကိုင်နေကြရတယ်လို့ လုပ်သားအင်အား စစ်တမ်း အစီရင်ခံစာ အရသိရပါတယ်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ ၂၀၁၈ ခုနှစ် ပထမလေး လပတ်အတွက် နှစ်စဉ် လုပ်သားအင်အားစစ်တမ်း အစီရင်ခံစာမှာ ခုလို ဖော်ပြထားတာပါ
မြန်မာပြည်မှာ အသက် ၅ နှစ်ကနေ ၁၇ နှစ်အရွယ်ကလေးပေါင်း ၁၂၄ သိန်းကျော်ရှိပြီး ဒီထဲမှာ ကလေးပေါင်း ၆ သိန်းကျော်ဟာ ဝင်ငွေမရတဲ့ အလုပ်တွေ လုပ်ကိုင်နေကြရပါတယ်။
ဝင်ငွေနဲ့ အကျိုးအမြတ်အတွက် အလုပ်လုပ်ကိုင်နေသူ ကလေးလုပ်သားကတော့ ၄၂,၅၀၀၀ ရှိပြီး အန္တရာယ်ရှိတဲ့ အလုပ်တွေ လုပ်ကိုင်နေကြသူ ကလေးတွေကတော့ ၃၉၅,၀၀၀ ရှိပါတယ်။ ဒီထဲမှာ မိန်းကလေးနဲ့ ယောက်ျားလေးဟာ အရေအတွက် အတူတူ ဝင်ရောက် လုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။
ကျေးလက်မှာနေထိုင်တဲ့ ကလေးတွေဟာ မြို့ပြမှာနေတဲ့ကလေးတွေထက် ပိုပြီး အလုပ်လုပ်ကြရပြီး အသက် ၅ နှစ်က ၁၁ နှစ်အရွယ်ကလေးတွေမှာ အလုပ်လုပ်နှုန်းဟာ မြို့ပြထက် ကျေးလက်က ၅ ဆလောက် ပိုများပါတယ်။
အလုပ်လုပ်နေရတဲ့ ကလေးအများစုဟာ ကျောင်းမနေဖူးသူတွေ ဖြစ်ပြီး ၁၀ နှစ်အရွယ် အလုပ်လုပ်နေရတဲ့ ကလေးတွေရဲ့ ၈၂ ရာခိုင်နှုန်းနဲ့ ၁၂ နှစ်အရွယ် အလုပ်လုပ်နေရတဲ့ ကလေးတွေရဲ့ ၉၁ ရာခိုင်နှုန်းဟာ လုံးဝ ကျောင်းမနေဖူးတဲ့သူတွေ ဖြစ်တယ်လို့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရသိရပါတယ်။
ကျေးလက်ဒေသတွေမှာ ကလေးတွေဟာ ဝင်ငွေမရတဲ့ မိသားစုလုပ်ငန်းမှာ လုပ်ကိုင်နေကြ ရတာများတယ်လို့လည်း စစ်တမ်းက ဆိုပါတယ်။