Home
သတင်းတို
တနိုင်ငံလုံး စစ်ပွဲရပ် လှုပ်ရှားမှု ပြုလုပ်မည်
DVB
·
September 14, 2012
စက်တင်ဘာ ၂၁ ရက်နေ့ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ မြန်မာပြည် အခြေစိုက် လူမှုကွန်ရက် ၁၅ ခု ပူးပေါင်းပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ဦးတည်တဲ့ “တနိုင်ငံလုံး စစ်ပွဲရပ်” slogan နဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှု ပြုလုပ်သွားမယ်လို့ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မခင်စန္ဒာညွန့်က ပြောပြပါတယ်။ အဲဒီနေ့မှာ ကွန်ရက်အဖွဲ့ဝင်အားလုံး “တနိုင်ငံလုံးစစ်ပွဲရပ်” စာတန်းပါ လက်ပတ်အပြာရောင်များ ၀တ်ဆင်ကြမယ်လို့လည်း သိရပါတယ်။ ရန်ကုန်အခြေစိုက်လူမှုကွန်ရက်တွေကတော့ ၂၁ ရက်နေ့ ညနေ ၃ နာရီ အင်းလျားကန်ပေါင် တံတားဖြူမှာ စုစည်းပြီး ညနေ ၄ နာရီမှာ ငြိမ်းချမ်းရေး အတွက် ၅ မိနစ် ငြိမ်သက် ဆုတောင်းကြမယ် လို့ သိရပါတယ်။ အဲဒီအချိန်မှာ ကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ဒုက္ခသည်စခန်းများ၊ မြန်မာပြည် အလယ်ပိုင်းက မြို့တွေမှာလည်း ငြိမ်သက်ဆုတောင်းမှုကို တပြိုင်နက်တည်း လုပ်မယ်လို့ ရှင်းပြပါတယ်။ အဲဒီနေ့မှာ ကချင်ငြိမ်းချမ်းရေး ကွန်ရက်ကတော့ နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့နဲ့ လွှတ်တော် အဆောက်အဦ ရှေ့မှာ ငြိမ်းချမ်းရေး သီချင်းဆိုတာ၊ ဆိုင်းဘုတ်ထောင် စီတန်းလှည့်လည်တာတွေ လုပ်မယ်လို့ ကွန်ယက်အဖွဲ့ဝင် မအက်စ်သာက ရှင်းပြပါတယ်။ ဒီ လှုပ်ရှားမှုလုပ်ဖို့ သက်ဆိုင်ရာကို တင်ပြပြီးဖြစ်သလို ခွင့်ပြုချက် ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ နေပြည်တော် မှာ လုပ်သွားမယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်က ပြောပါတယ်။ ဒါ့အပြင် တခြား လှုမှုကွန်ရက်အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးလှုပ်ရှားမှုအတွက် ဆန္ဒဖော်ထုတ် လမ်းလျှောက်တာ၊  ကဗျာရွတ်တာ၊ ငြိမ်းချမ်းရေး သီချင်းဆိုတာ၊ “တနိုင်ငံလုံးစစ်ပွဲရပ်” စတေကာတွေ လိုက်ကပ်တာ စတာတွေ လုပ်သွားကြမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024