အင်္ဂလန် လိဂ်ဖလား (ကာရာဘောင်ဖလား) ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ ချဲလ်ဆီးတို့ မနေ့ကယှဉ်ပြိုင်ရာ စပါးက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အိမ်ရှင် စပါးအသင်းက တိုက်စစ်မှူး ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ အယ်လီ၊ အဲရစ်ဆင် စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့သလို ချဲလ်ဆီးကလည်း ဟာဇက်၊ ဝီလျံ၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ အလွန်ဆို၊ ဘာ့က်လေတို့ကို အသုံးပြု ယှဉ်ပြိုင်ခဲ့တာပါ။
နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်ကစားပြီး ဧည့်သည် ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းရာမှာပါ အသာစီးရခဲ့ပေမယ့် အခွင့်အရေးတွေ အသုံးမချနိုင်ဘဲ လိုအပ်တဲ့အနိုင်ဂိုး မဖန်တီးနိုင် ဖြစ်ခဲ့ပါတယ်။
စပါးအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၂၆ မိနစ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းက ပယ်နယ်တီကတဆင့် သွင်းယူပေးခဲ့ပါတယ်။
အခု ပထမအကျော့မှာ အနိုင်ရတဲ့အတွက် စပါးအသင်း နောက်ဆုံးဗိုလ်လုပွဲတက်ဖို့ အခွင့်အရေး ကောင်းနေပြီး ဒီနှစ်သင်း ဒုတိယအကျော့ပွဲစဉ်ကိုတော့ ချဲလ်ဆီးကွင်းမှာ လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။