ကမ္ဘောဒီးယားတွင် ခမာနီအုပ်စုကို နှင်ထုတ်နိုင်သည့် နှစ် ၄၀ ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ သူ့နိုင်ငံတွင်းကနေ ခမာနီအုပ်စုကို နှင်ထုတ်နိုင်တဲ့ နှစ် ၄၀ ပြည့် အထိမ်းအမှတ်ပွဲကို ကျင်းပခဲ့ပါတယ်။ ထောင်သောင်းချီနေတဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေ မြို့တော် ဖနွမ်းပင်မှာ ဇန်နဝါရီ ၇ ရက်က စုရုံးခဲ့ပြီး ပိုပေါ့ရဲ့ ခမာနီအစိုးရ အဆုံးသတ်ခဲ့တဲ့ နှစ် ၄၀ ပြည့် အခမ်းအနားကို တက်ရောက်ပါတယ်။ အစွန်းရောက် မော်ဝ်ဝါဒီ ခမာနီတွေရဲ့ ၁၉၇၅ -၇၉ လေးနှစ်တာ အုပ်ချုပ်မှုအတွင်း အစုလိုက် သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ မတရားခိုင်းစေတာနဲ့ အငတ်ဘေးတွေကြောင့် နိုင်ငံ့လူဦးရေ လေးပုံတပုံဖြစ်တဲ့ ပြည်သူ ၂ သန်း သေဆုံးခဲ့ပါတယ်။ ခမာနီကေဒါဟောင်း ဟွန်ဆန်က ဗီယက်နမ်တပ်တွေကို ဦးဆောင်ပြီး မြို့တော်ကို ချီတက်ရင်း ခမာနီအစိုးရကို ၁၉၇၉ ဇန်နဝါရီ ၇ ရက်မှာ ဖြုတ်ချခဲ့ပါတယ်။ အသက် ၆၆ နှစ်အရွယ် ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဒီနေ့ကို ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒုတိယမွေးနေ့လို့ ကောင်းချီးပေး ပြောဆိုပါတယ်။ မြို့တော်က အိုလံပစ်အားကစားရုံမှာ ကျင်းပတဲ့ပွဲအတွင်း ခမာရိုးရာ အက်စ်ဆာရာ ကချေသည်တွေနဲ့ စစ်ချီ စစ်တီးဝိုင်းတွေ ပါဝင် ဖျော်ဖြေပါတယ်။ ပိုပေါ့အုပ်စုရဲ့ ငရဲအဆန်ဆုံး မမေ့နိုင်တဲ့ အမှတ်တရတွေကို သတိရဖို့ ဒီနေ့ ဒီပွဲကို ကျင်းပတယ်လို့ ဟွန်ဆန်က လူထုကို ပြောပါတယ်။ နိုင်ငံကို ကယ်တင်မှုအတွက် ဗီယက်နမ်ကို ကျေးဇူးတင်ကြောင်းလည်း ဟွန်ဆန်က ပြောပါတယ်။ ခုတော့ ဗီယက်နမ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ ဘူမိနိုင်ငံရေး အင်အားစုတွေကြားမှာ ပိတ်မိနေတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ လတ်တလောနှစ်တွေမှာ ကမ္ဘောဒီးယား အစိုးရဟာ အခြေခံ အဆောက်အဦတွေအတွက် ချေးငွေပေးခဲ့တဲ့ တရုတ်ဘက် ယိမ်းနေတယ်လို့ သုံးသပ်ခံနေရပြီး လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်တဲ့ မကျေနပ်မှု တချို့ကိုလည်း ရင်ဆိုင်နေရပါတယ်။ အတိုက်အခံပါတီကို ဖျက်သိမ်းပြီး ခေါင်းဆောင်ကို ထောင်ချခဲ့လို့ ခုတော့ ကမ္ဘောဒီးယားဟာ တပါတီပဲရှိတဲ့နိုင်ငံ ဖြစ်လာနေပါတယ်။ ဝန်ကြီးချုပ်သက်တမ်း ၃၃ နှစ်ရှိတဲ့ ဟွန်ဆန်ဟာ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်တွေထဲက တယောက် ဖြစ်လာတာပါ။ သတင်းထောက်တွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကို ပိုဖိနှိပ်တဲ့နိုင်ငံ ဖြစ်လာနေတယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up