တောင်တရုတ်ပင်လယ် အငြင်းပွားကျွန်းများအနီးမှ အမေရိကန် ဖျက်သင်္ဘော ခုတ်မောင်း

ဓာတ်ပုံ - Reuters
ပဲ့ထိန်းဒုံးကျည်သုံး အမေရိကန် ဖျက်သင်္ဘောတစီးဟာ ဇန်နဝါရီ ၇ ရက်က တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားကျွန်းတွေအနီးကနေ ဖြတ်သန်း ခုတ်မောင်းခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ကျူးကျော်မှုလို့ တရုတ်အစိုးရက ပြောပါတယ်။ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ရပ်စဲရေးကာလအတွင်း အမေရိကန် အရာရှိတွေ တရုတ်မြို့တော် ဘေဂျင်းမှာ အစည်းအဝေး တက်နေချိန် ခုလို ခုတ်မောင်းတာပါ။ တရုတ်က သူ့ရေပိုင်နက် တကယ်ရှိတာထက်ပိုပြီး ကြေညာတာကို စိန်ခေါ်ဖို့အတွက် လွတ်လပ်စွာ ရေကြောင်းသွားလာမှု စစ်ဆင်ရေးအနေနဲ့ USS McCampbell ဟာ ပါရာဆဲကျွန်းစုနဲ့ ရေမိုင် ၁၂ မိုင် အကွာကနေ ခုတ်မောင်းနေတယ်လို့ အမေရိကန် စစ်တပ်၊ ပစိဖိတ်တပ်မဟာရဲ့ ပြောခွင့်ရ ရာချယ် မက်ခ်မားက ဇန်နဝါရီ ၆ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေးဟာ နိုင်ငံတနိုင်ငံအတွက် မဟုတ်သလို နိုင်ငံရေး ကြေညာချက်လည်း မဟုတ်ဘူးလို့ သူက ပြောပါတယ်။ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ ရပ်တန့်ရေး အမေရိကန်ကိုယ်စားလှယ်တွေ တရုတ်မြို့တော် ဘေဂျင်းမှာ ဆွေးနွေးမှုဟာ အပြန်အလှန် ဒဏ်ခတ်မှု ရက် ၉၀ ဆိုင်းငံ့ရေး သဘောတူအပြီး ပထမဆုံး အစည်းအဝေးပါ။ လုပ်ငန်း အမတော်ကြေးကနေ ဆိုင်ဘာဖောက်ထွင်းမှုထိ ကိစ္စအများအပြားမှာ လုပ်ဆောင်ပုံ ပြောင်းလဲရေး တရုတ်အစိုးရကို ဖိအားပေးဖို့ အမေရိကန်ဒေါ်လာ ဘီလျံရာချီတဲ့ တရုတ်ကုန်စည်တွေအပေါ် အမေရိကန်က ထပ်ဆောင်းခွန် စည်းကြပ်ခဲ့ပါတယ်။ တရုတ်ကလည်း လက်စားချေတဲ့အနေနဲ့ အမေရိကန် ကုန်စည်တွေအပေါ် ထပ်ဆောင်းခွန် တန်ပြန် စည်းကြပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up