ရတနာပုံနည်းပညာတက္ကသိုလ်ကျောင်းသား အသတ်ခံရမှု စတင်ရုံးထုတ်စစ်ဆေး
Aung Aung Naing
·
January 8, 2019
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဆိုင်ဘာစီးတီးမြို့သစ် မီးသတ်စခန်းနားမှာ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ကျောင်းသားတဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရသူ ၄ ဦးကို ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ် စတင်ရုံးထုတ်ပါတယ်။
နည်းပညာတက္ကသိုလ်မှာ အိုင်စီတီ မေဂျာ ဒုတိယနှစ် ပညာသင်ယူနေတဲ့ ကိုထက်လင်းသန့်ကို ဒီဇင်ဘာ ၆ ရက် ညနေပိုင်းမှာ လူတစုက ရိုက်နှက်ပြီး ဆိုင်ကယ် လုယက်ခဲ့တဲ့အတွက် နေရာမှာ သေဆုံးသွားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်မှာတော့ ရိုက်နှက်သတ်ဖြတ်မှုနဲ့ လူ ၃ ဦးကို စတင်ဖမ်ဆီးရမိခဲ့ကာ အခြားတဦးကိုလည်း လုယက်ပြီးရိုက်နှက်ခဲ့တဲ့ သက်သေခံပစ္စည်းတွေ၊ မော်တော်ဆိုင်ကယ်နဲ့ အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီအမှုကို ပြင်ဦးလွင်ခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၆/၃၉၇ တို့နဲ့ အမှုကို လက်ခံလိုက်ပြီး ဇန်နဝါရီ ၁၅ ရက် ရုံးချိန်းကာ တရားလိုနဲ့ တရားလိုပြသက်သေတွေကို စစ်ဆေးသွားဖို့ ရှိပါတယ်။
ဒီအမှုမှာ ကျူးလွန်သူ ၅ ဦးပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က စစ်ဆေးပေါ်ပေါက်ခဲ့ပေမယ့် တဦးက ထွက်ပြေးတိမ်းရှောင်နေသေးတာကြောင့် လေးဦးကိုသာ တရားရုံးမှာ စတင် စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။