ပခုက္ကူတွင် မူးယစ်ဆေးဝါးမှုဖြင့် လူ ၅ ဦးကိုဖမ်းဆီး
DVB
·
January 8, 2019
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုနဲ့ လူ ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း အရေးယူလိုက်ပါတယ်။
ဇန်န၀ါရီ ၇ ရက်က ပခုက္ကူမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ စုပေါင်းပြီး ပခုက္ကူမြို့ရှောင်လမ်းမှာ ဆိုင်ကယ် တစီးကို စစ်ဆေးရာကနေ မူးယစ်ဆေးသုံးစွဲသူတွေကို ဖမ်းမိခဲ့တာပါ။
အမှုနောက်ဆက်တွဲအနေနဲ့ ဆက်လက်စုံစမ်းခဲ့ပြီး မူးယစ်ဆေးရောင်းချသူရော၊ သုံးစွဲသူအပါအဝင် မူးယစ်ဆေးနဲ့ ပတ်သက်သူလို့ ယူဆရသူ ၅ ဦးကို 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆ ပြားနဲ့ မူးယစ်ဆေးသုံးစွဲရာမှာသုံးတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ အတူ ဖမ်းမိခဲ့ပါတယ်။
ဖမ်းဆီးခံထားရသူ ၅ ဦးကို လတ်တလော ပခုက္ကူမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူနိုင်ဖို့ ရဲတပ်ဖွဲ့က ဆက်လက် ဆောင်ရွက်နေပါတယ်။
သတင်း - မြင့်နိုင်