Home
မြန်မာသတင်း
အေအေနှင့် အာဆာအဖွဲ့ ပူးပေါင်းတိုက်ခိုက်ရန် တွေ့ဆုံညှိနှိုင်းခဲ့ဟု အစိုးရရှင်းလင်း  
ရွှေအောင်
·
January 8, 2019
ရက္ခိုင့်တပ်မတော် (အေအေ)နဲ့ အာဆာအကြမ်းဖက်အဖွဲ့တို့ နှစ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ဖို့ တွေ့ဆုံညှိနှိုင်းမှုတွေ ရှိခဲ့တယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။ ဇန်နဝါရီ ၇ ရက်က နေပြည်တော်မှာကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပြီး မနှစ် ဇူလိုင် ၂၃ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ  တွေ့ဆုံခဲ့ကြတာလို့လည်း အခိုင်အမာပြောပါတယ်။ ဒါ့အပြင် အေအေနဲ့ အာဆာအဖွဲ့တို့ဟာ နယ်မြေခွဲခြားသတ်မှတ်မှုတွေလုပ်ပြီး နှစ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ဖို့ လုပ်ဆောင်နေကြတယ်လို့လည်း စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ ဦးဇော်းဌေးက ‘‘နယ်မြေခွဲခြားတဲ့ဟာက ဘယ်လိုလဲဆိုတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မေယုတောင်ရဲ့ အနောက်ဘက်ခြမ်း အာဆာလှုပ်ရှားနယ်မြေပေါ့။ မေယုတောင်ကြောရဲ့ အရှေ့ဘက်ခြမ်း အဲဒါကိုတော့ အေအေလှုပ်ရှားနယ်မြေ ခွဲခြားထားတယ်လို့ Source တခုက သတင်းရတယ်။ နောက် Source တခုကကျတော့ အေအေ ရော၊ အာဆာရောက ဘုံအကျိုးစီးပွား ရှိတယ်။ ဘုံအကျိုးစီးပွားသည် ဘာလဲ။ မူးယစ်ဆေးဝါး။ မူးယစ်ဆေးဝါးကနေရတဲ့ အကျိုးစီးပွားနဲ့ အေအေနဲ့ အာဆာနဲ့ ပူးပေါင်းပြီးတော့ ဥပမာ မေယုခရိုင်ကို အာဆာကိုပေးလိုက်၊ ကျန်တဲ့ ရခိုင်ပြည် ရခိုင်နိုင်ငံတော်ဆိုတဲ့ ပုံစံမျိုးလည်း အေအေက လုပ်မယ်ဆိုတဲ့ Source တခုကရတယ်။ နှစ်ပိုင်းရှိတယ်။ တခုကတော့ ဟိုဘက်ဒီဘက် မဟာမိတ်ပြုပြီး ပေါင်းပြီး ဟန်ချက်ညီတိုက်ဖို့ တခု၊ နောက်တခုက ပူးပေါင်းပြီး တခါတည်းတိုက်တဲ့ ပုံစံပေါ့နော်။" ဇန်န၀ါရီ ၇ရက်ကထုတ်ပြန်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် (အေအေ) ရဲ့ ထုတ်ပြန်ချက်မှာတော့ အေအေ အဖွဲ့အနေနဲ့ ဘယ်အကြမ်းဖက်အဖွဲ့တွေနဲ့မဆို ပူးပေါင်းလက်တွဲမှာမဟုတ်ဘူးလို့ ဖော်ပြပါတယ်။ ဒါ့အပြင် သမ္မတရုံးပြောခွင့်ရသူရဲ့ သတင်းစာရှင်းလင်းပွဲဟာ  အေအေအဖွဲ့ကို အခြေအမြစ်မရှိ စွပ်စွဲပြောဆိုနေတာဖြစ်လို့ အပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဇန်န၀ါရီ ၄ ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းတောင်၊ ငမြင်းဘော်၊ ဂုပ္ပိနဲ့ ခထီးလှရဲကင်းစခန်းတွေကို ရက္ခိုင့်တပ်မတော်က တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024