အလယ်အာဖရိကနိုင်ငံ ဂါဘွန်တွင် စစ်တပ်က အာဏာသိမ်း

ဓာတ်ပုံ - AFP
အလယ်အာဖရိကနိုင်ငံ ဂါဘွန်မှာ ဒီမိုကရေစီပြန်ရဖို့ အာဏာသိမ်းလိုက်တယ်လို့ စစ်တပ်က ဇန်နဝါရီ ၇ ရက်မှာ ကြေညာလိုက်ပါတယ်။ လေဖြတ်ဝေဒနာ ခံစားရပြီး မော်ရိုကိုနိုင်ငံမှာ အနားယူဆေးကုနေရာက နာလံထလာတဲ့ ဂါဘွန်သမ္မတ အလီဘွန်ဂိုရဲ့ စွမ်းဆောင်ချက်တွေကို ကျေနပ်မှုမရှိကြောင်း ကြေညာရင်း အစိုးရပိုင် ရေဒီယိုဌာနကိုလည်း သိမ်းပိုက်လိုက်ပါတယ်။ ဘွန်ဂိုရဲ့ နှစ်သစ်ကူးအကြိုည မိန့်ခွန်း ပြောအပြီးမှာ သမ္မတရုံးရဲ့ တာဝန်တွေကို ဆက်ထမ်းဆောင်ဖို့ သမ္မတရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး သံသယတွေ ပိုများလာခဲ့တယ်လို့ ဒုဗိုလ်မှူးကြီး ကဲလီ အွန်ဒို အိုဗြွန်က ပြောပါတယ်။ သူဟာ ဂါဘွန်နိုင်ငံ သူရဲကောင်းလှုပ်ရှားမှုရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ခေါင်းဆောင် ပြည်သူ့အစောင့်တပ် အရာရှိလို့ သူ့ကိုယ်သူ ပြောပါတယ်။ သမ္မတ ဘွန်ဂိုဟာ မိန့်ခွန်းပြောချိန်မှာ စကားတွေ ဗလုံးဗထွေး ဖြစ်နေပြီး ညာလက်လှုပ်ရှားတာ မတွေ့ရပေမယ့် အပေါ်ယံသွင်ပြင်ကတော့ ကျန်းမာသလို ရှိနေခဲ့ပါတယ်။ ဘွန်ဂိုမိသားစုဟာ ရေနံကြွယ်ဝတဲ့ ဂါဘွန်နိုင်ငံကို နှစ် ၅၀ လောက် အုပ်ချုပ်ခဲ့တာပါ။ ဖခင် အိုမာ ဘွန်ဂို ၂၀၀၉ မှာ သေဆုံးအပြီး သူက သမ္မတ ဖြစ်လာပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲမှာ မဲ ၆၀၀၀ ကျော် အသာနဲ့ နိုင်ပေမယ့် လိမ်လည်မှုနဲ့ အကြမ်းဖက် ဆန္ဒပြမှုဆိုင်ရာ စွဲချက်တွေ အများအပြား ရှိခဲ့ပါတယ်။ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား အဓိကရုဏ်း ဖြစ်ခဲ့သလို လွှတ်တော်လည်း မီးရှို့ခံခဲ့ရပါတယ်။ ဘွန်ဂိုရဲ့ အမာခံနယ်မြေမှာ မဲပေးသူ ၉၉ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ၉၅ ရာခိုင်နှုန်းနဲ့ မဲနိုင်ခဲ့တယ်ဆိုတဲ့ ရွေးကောက်ပွဲအတွင်း မူမမှန်တာတွေရှိတာ တွေ့ခဲ့တယ်လို့ ဥရောပသမဂ္ဂက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up