Home
မြန်မာသတင်း
နယ်စပ်ဂိတ်ပိတ်ထားသဖြင့် ဘုတလင်တောင်သူများ ဖရဲသီးတန် ၅၀ ခန့် အခမဲ့ ပေးဝေ
DVB
·
January 7, 2019
နယ်စပ်ကုန်သွယ်ရေး ကျင်စန်းကျော့လမ်း ပိတ်ထားတဲ့အတွက် ဖရဲသခွားသီးတွေ တရုတ်ဘက် တင်ပို့လို့ မရတာကြောင့် ဆုံးရှုံးနစ်နာမှုတွေ ကြုံနေရပြီး ဖရဲသီးတန် ၅၀ လောက်ကို ဘုတလင် တောင်သူတွေက အခမဲ့ ပေးဝေခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နာရီစင်အနီးမှာ ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ် ဖရဲသခွားစိုက်တောင်သူတွေ စုပေါင်းပြီး ၆ ဘီးကား ၅ စီးတိုက်၊ တန် ၅၀ လောက်ရှိတဲ့ ဖရဲသီးတွေကို အခမဲ့ပေးဝေခဲ့ကြတာပါ။ ပိတ်ထားတဲ့ ကျင်စန်းကျော့ဂိတ်အား ၂ နိုင်ငံအစိုးရ တရားဝင်ဖွင့်လှစ်ပေးရေးအတွက် အစိုးရက တာဝန်ယူဖြေရှင်းဆောင်ရွက်ဖို့လည်း တောင်သူတွေက ဖရဲသီးတင်ကားတွေပေါ် ဗီနိုင်းပိုစတာတွေနဲ့ တောင်းဆိုခဲ့ကြပါတယ်။ အခုပေးဝေတဲ့ ဖရဲသီးတွေက ဈေးကွက်တန်းဝင် ဖရဲသီးတွေဖြစ်ပြီး ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ အထက်မှာ ရှိတယ်လို့ သိရပါတယ်။ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး ကျင်စန်းကျော့ဂိတ်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့က ပိတ်ထားတဲ့အတွက် ဖရဲသခွားတွေက အထွက်မရှိ မရောင်းရဘဲ အခက်အခဲတွေ ကြုံတွေ့နေကြရတာပါ။ ဒါနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ တောင်သူတွေကို အလေးထားက အခက်အခဲတွေကို ဖြေရှင်းပေးစေချင်တဲ့အတွက် အခုလိုလုပ်ရတာလို့ ဦးဆောင်သူတဦးက ပြောပါတယ်။ “ဖရဲ၊ သခွားလုပ်လာတဲ့ နှစ်အတွင်းမှာ ဒါက အဆိုးဝါးဆုံးပဲ။ ကုန်စိမ်းဖြစ်တဲ့အတွက် အချိန်နဲ့အမျှ ကျနော်တို့တောင်သူတွေမှာ ဆုံးရှုံးနစ်နာမှုတွေ ကြုံတွေ့နေရတယ်။ ဒါတွေကို အစိုးရအနေနဲ့ သိစေချင်တယ်။ သိပြီးရင် အမြန်ဆုံးဖြေရှင်းပေးစေချင်တယ်။ ကျနော်တို့မြို့နယ်က ဒီအပေါ်မှာပဲ မှီခိုနေကြရတာ။ ရက်ကြာလေ ဆုံးရှုံးမှုများလေပဲ။ ဒီတိုင်းသွားရင် ဆုံးရှုံးမှုက ကုဋေချီသွားမယ်” လို့ ဖရဲသခွားစိုက်တောင်သူတဦးက ပြောပါတယ်။ အရင်နှစ်ကလည်း ဈေးကွက်အနှိမ်ခံရတဲ့အတွက် ဘုတလင်မြို့နယ်မှာ ကျပ်သိန်းပေါင်း သောင်းချီ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ အခုကတော့ ဈေးကွက်ကြောင့် မဟုတ်ဘဲ လမ်းပိတ်ထားတဲ့အတွက် အခက်အခဲဖြစ်နေတာပါ။ မြန်မာနိုင်ငံမှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်ကလွဲရင် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ဖရဲသခွားစိုက်ပျိုးကြပြီး စစ်ကိုင်းတိုင်းမှာ ဖရဲသခွားစိုက်ဧက ၃ သောင်းကျော်ရှိပါတယ်။ မုံရွာမြို့မှာ ဖရဲသီးတွေ အခမဲ့ပေးဝေတာကို ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပြီး လူပေါင်းေ ထာင်ချီ လာရောက်ခဲ့ကြတဲ့အတွက် ယာဉ်ကြောကြပ်တည်းမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။ နောက်ထပ်လိုချင်သူတွေအနေနဲ့လည်း ယာခင်းတွေမှာ လာရောက်ယူနိုင်တယ်လို့ ပြောပါတယ်။ အခုလိုဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။ ထူးခြားမှုမရှိတဲ့အတွက် အခုလိုလှုပ်ရှားတာဖြစ်ပြီး နောက်ထပ်လည်း မထူးခြားသေးတဲ့ ပုံစံတမျိုးနဲ့ ထပ်ပြီး လုပ်ဆောင်သွားဦးမယ်လို့ သိရပါတယ်။ တရုတ်-မြန်မာနယ်စပ် မူဆယ်ရှိ တရုတ်နိုင်ငံထဲကို ဖရဲ၊ သခွား အဓိက ပို့ဆောင်နေတဲ့ ကျင်းစန်းကျော့ဂိတ်ကို ပိတ်လိုက်တာကြောင့်  တနေ့ကို ဖရဲ၊ သခွား တန်ချိန် ၃၀၀၀၊ မြန်မာကျပ်ငွေသိန်းပေါင်း ၉၀၀၀ လောက် ပယ်သီးအဖြစ် ဆုံးရှုံးနေတယ်လို့ မူဆယ်သစ်သီးဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘိုက ပြောကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024