ချောက်မြို့၌ လူ၁၂ ဦး ခွေးရူးကိုက်ခံရ၊ အခမဲ့ကုသပေးရန်ဆေးရုံတွင် ဆေးပြတ်နေ
DVB
·
January 7, 2019
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ နှစ်ရက်အတွင်း လူ ၁၂ ဦး ခွေးရူး ကိုက်ခံရပြီး ချောက်ပြည်သူ့ဆေးရုံမှာ ခွေးရူးပြန်ရောဂါဖြေဆေးပြတ်နေတာကြောင့် လူနာတွေကို အခမဲ့ဆေးထိုးပေးဖို့ အဆင်မပြေ ဖြစ်နေပါတယ်။
ချောက်ပြည်သူ့ဆေးရုံမှ တာဝန်ကျဆရာမ တဦးက “ဆေးရုံမှာက ခွေးရူးဆေးနဲ့ ပတ်သက်ပြီး ဘာမှမရှိလို့ အပြင်က ဝယ်ထိုးပေးနေရတယ်၊ မနေ့က သုံးယောက်အကိုက်ခံရပြီး ဒီနေ့ညနေ ၄နာရီ နောက်ပိုင်းကနေ ည ၇ နာရီအထိ ကိုးယောက် အကိုက်ခံရတယ် ခွေးက တကောင်ထဲလို့ သိရတယ်”လို့ ပြောပါတယ်။
ခွေးရူးကိုက်ခံရလို့ ဆေးရုံရောက်နေတဲ့ ကလေးမိခင် တဦးကလည်း “ကျမတို့က နေစား ပန်းရံလုပ်စားရတာ တရက်ငါးထောင်ပဲရတာ၊ အခု ကလေးခွေးကိုက်ခံရတာ ညနေက ငွေကြေးရှာဖွေနေရလို့ အခုမှ ဆေးရုံလာခဲ့တာ။ ပိုက်ဆံ ကိုးသောင်း ဆေးဝယ်တာ ၁၂၀၀ ပဲ အမ်းတဲ့ ပိုက်ဆံပြန်ရတယ်။ ဒီအတွက် တော်တော်ခက်ခဲတယ်” လို့ ပြောပါတယ်
ယင်းခွေးရူး ကိုက်ခံရသူတွေကတော့ အသက် ၆ နှစ်အောက် ကလေးငယ် တဦးအပါအ၀င် ကျား ၆ ယောက် မ ၆ ယောက်ဖြစ်ပြီး ချောက်မြို့၊ အမှတ်၁၀၊ အေးစေတီရပ်၊ အေးရပ်၊ အာရှရပ်၊ စစ်ကွင်း၊ စံပြမြို့သစ်ရပ်နဲ့ ကင်မွန်းခြုံရပ်ကွက်တွေမှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။
ချောက်မြို့ပြည်သူဆေးရုံ ဆေးရုံအုပ်ဆရာဝန်ကြီးကတော့ “Equirab ခွေးရူးရောဂါဖြေဆေး ကိုတော့ ခွေးကိုက်လို့ ရောက်လာတဲ့လူတိုင်းကို အရေပြားပေါက်ပြဲပြီး သွေးထွက်ရင် ကိုယ်အလေးချိန်ပေါ်မူတည်ပြီး အနာပါတ်လည်နဲ့ တင်ပါးကို ထိုးပေးရတယ်၊။ ဆေးရုံမှာ ဆေးကမရှိတော့လို့ အပြင်က ဝယ်ခိုင်းပြီးဘဲ ထိုးပေးရတာ”လို့ ပြောပါတယ်
ချောက်မြို့ ဆေးအရောင်းဆိုင်တော့ ခွေးရူးပြန်ကာကွယ်ဆေးတွေ ဆေးအမျိုးအစား အများအပြားရှိနေပြီး ခွေးရူးပြန်ကာကွယ်ဆေး တလုံးကို ကျပ် ၁၀၀၀၀ အထက် ပေါက်ဈေး ရှိပါတယ်။
ကိုလင်း(ချောက်)