ရဲစခန်းမှူးကို ကျည်ဆန်တတောင့်ဖြင့် အေအေသတိပေး
DVB
·
January 7, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစခန်းမှူး ရဲအုပ်ကျော်ကျော်လှကို ရက္ခိုင့်တပ်မတော်(အေအေ) လက်နက်ကိုင်တပ်ဖွဲ့က ကျည်ဆန်တတောင့်ပါဝင်တဲ့ သတိပေးစာစောင်ကို ဇန်နဝါရီ ၆ ရက်က ပေးပို့ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း အမျိုးသားရေးလုပ်ငန်းတွေနဲ့ ULA ချမှတ်ထားတဲ့ လမ်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နေကြသူတွေကို တစုံတရာ အနှောင့်အယှက်မပေးဖို့နဲ့ အနှောင့်အယှက်ပေးရင် ဘယ်သူ့ကိုမဆို တိကျပြတ်သားစွာ လက်တုံ့ပြန်သွားမယ်လို့ ဇန်နဝါရီလ ၆ ရက်ရက်စွဲနဲ့ သတိပေးစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာ နယ်မြေရဲစခန်းက စခန်းမှူး ဒုရဲအုပ်တဦးနဲ့ အရပ်သားနှစ်ဦးကို ကျည်ဆန် တတောင့်စီပါဝင်တဲ့ သတိပေးစာတွေကို အေအေက ပေးပို့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းတောင်၊ ငမြင်းဘော်၊ ဂုပ္ပိနဲ့ ခထီးလှရဲကင်းစခန်းတွေကို ရက္ခိုင့်တပ်မတော်က တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။