Home
မြန်မာသတင်း
ရခိုင်တွင် စစ်ရှောင်ပြည်သူ ၄၀၀၀ ခန့်ရှိပြီ၊ အကူအညီလိုအပ်နေ
DVB
·
January 6, 2019
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ လောက်ရှိနေပြီလို့ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောပါတယ်။ လက်ရှိ တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့တို့ဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေတာလို့ ဆိုပါတယ်။ အဲဒီစစ်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်သူတွေနဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့က ဒေသခံတွေကို ရိက္ခာတွေ သယ်ယူခွင့်မပေးဘဲ တားဆီးထားလို့ စစ်ဘေးရှောင်သူတွေ များလာတာလို့ ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းက တာဝန်ရှိသူတွေက ပြောပါတယ်။ ဝါးတောင်စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှာ စစ်ဘေးရှောင်ပြည်သူ ၁၃၀၀ ကျော်ရှိပြီး ကလေးက ၆၀၀ ကျော်လောက်ရှိတာကြောင့် ရခိုင်ပြည်နယ်ရဲ့ ကယ်ဆယ်ရေးစခန်း ၁၀ ကျော်ထဲမှာ လူဦးရေးအများဆုံး ကယ်ဆယ်ရေးစခန်းတခုဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီစခန်းမှာ သောက်သုံးရေ အခက်အခဲရှိသလို၊ အိမ်သာလိုအပ်ချက်တွေ၊ အနွေးထည်နဲ့အိပ်ဖို့ စောင်ခြင်ထောင်အပါအဝင် အမိုးအကာလုံလောက်မှုမရှိဘူးလို့လည်း ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လေးစခန်းမှာ ကယ်ဆယ်ရေးစခန်း ၂ ခုရှိတဲ့အနက် အထက်မြတ်လှဲကယ်ဆယ်ရေးစခန်းမှာ စစ်ဘေးတိမ်းရှောင်သူ အမျိုးသား ၁၇၉ ဦးနဲ့ အမျိုးသမီး ၁၇၅ ဦးဟာ ဒီဇင်ဘာလလယ်ထဲက တိုက်ပွဲတွေကြောင့် တိမ်းရှောင်ခဲ့တာလို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ ဆန်ဆီစတဲ့ အခြေခံစားသောက်ကုန်တွေ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ သောက်သုံးရေလိုအပ်ချက်တွေ ရှိနေတယ်လို့ ကယ်ဆယ်ရေးစခန်းက တာဝန်ရှိသူတွေနဲ့အလှူရှင်တွေက ဆိုပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ ကျန်းမာရေးဦးစီးဌာနက ဖွင့်လှစ်ပေးထားတဲ့ အခမဲ့ဆေးပေးခန်းတွေလည်း ရှိပါတယ်။ တပ်မတော်နဲ့ အေအေ လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရခိုပြည်နယ်က ရခိုင်လူမျိုးတွေ၊ မြိုလူမျိုးတွေနဲ့ ခမီးလူမျိုးတွေ စစ်ဘေးတိမ်ရှောင်နေရတာပါ။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းတောင်၊ ငမြင်းဘော်၊ ဂုပ္ပိနဲ့ ခထီးလှရဲကင်းစခန်းတွေကို ရက္ခိုင့်တပ်မတော်က တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024