Home
မြန်မာသတင်း
သံဇစ်မြစ်ရေထု ညစ်ညမ်းမှုအကြောင်းအရင်း ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြသင့်
DVB
·
January 6, 2019
ကျောက်ဖြူမြို့ မြဒေးကျွန်းအနီးရှိ သံဇစ်မြစ်ရေထုညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့မှုကို အစိုးရအနေနဲ့ အကြောင်းအရင်းရှာဖွေပြီး ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ချပြသင့်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ် မြဒေးကျွန်းအနီးရှိ သံဇစ်မြစ်အတွင်း ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း ရေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့တာပါ။ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့်တာဝန်ယူတာဝန်ခံမှု အရပ်ဘက် မဟာမိတ်အဖွဲ့) ရခိုင်ပြည်နယ်တာဝန်ခံ ကိုစိုးရွှေက “ကျနော်တို့ ဖြစ်စေချင်တာက အစိုးရတရပ်မှာရှိတဲ့ တာဝန်ယူသင့်တာတွေကို တာဝန်ယူစေချင်တယ်။ ရေထုညစ်ညမ်းမှုဖြစ်တယ်၊ ဒါကို အစိုးရဘက်ကလည်း လက်ခံတယ်၊ ဒီညစ်ညမ်းမှုကို ဘာကြောင့်ဖြစ် ရသလဲဆိုတဲ့ အကြောင်းအရင်း ဇစ်မြစ်ကို ရှာသင့်တာပေါ့။ ဒါကို အစိုးရပ်တရပ် အနေနဲ့ လုပ်ပေးသင့်တယ်။ ဒီဇစ်မြစ်ကိုသိလာတော့မှ နောက်အနာဂတ်မှာ ဒီဟာမျိုး မဖြစ်လာအောင်အတွက် ဘယ်လိုမျိုး ပြင်ဆင်ကာကွယ်ထားမလဲဆိုတဲ့ အစီအစဉ်မျိုးတွေကိုလည်း အစိုးရပ်အနေနဲ့ရေးဆွဲပြီး ချမှတ်သင့်တယ်၊ ပြည်သူလူထုကိုလည်း ပွင့်ပွင့်လင်းလင်းပဲချပြသင့်တယ်” လို့ ပြောပါတယ်။ အဆိုပါ သံဇစ်မြစ်ရေထုညစ်ညမ်းခဲ့မှု ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ငါး၊ ပုစွန်၊ ဂဏန်း တွေ ဖမ်းဆီးရမိမှု နည်းလာသလို မရွေ့လျားနိုင်တဲ့ ခုံးတွေ၊ ခရုတွေဟာ အစုလိုက်အပြုံလိုက် သေဆုံးတာ တော်တော်များများ တွေ့လာရတယ်လို့ ဆိုပါတယ်။ အခုလို ရေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့တာကို ပြည်သူ့လွှတ်တော်မှာမေးမြန်းခဲ့ပေမယ့် တိကျသေချာတဲ့ ဖြေရှင်းမှု မရှိတဲ့အတွက် ကျေနပ်အားရမှုမရှိဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောပါတယ်။ “လွှတ်တော်ကတဆင့် အစိုးရကို မေးတယ်၊ ဒီဓာတ်ခွဲခန်းတွေရဲ့ အဖြေအရဆိုလို့ရှိရင် ဒီသံဇစ်မြစ်ရေပြင်မှာ လူတွေ၊ သတ္တ၀ါတွေအတွက် အခက်အခဲတွေ ရှိနိုင်တယ်ဆိုတဲ့ မူလရှိရမယ့် ဓတ်သတ္တုတွေထက် လွန်ကဲပြီးတော့ ရှိနေတယ်ဆိုတဲ့ဟာကို အန်ကယ်က ပြောပြခဲ့တယ်၊ ဓာတ်ခွဲခန်းရဲ့ အဖြေအရပေါ့၊ ဒီရေအရောင်အဆင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလက်တွေ့မှာ တွေ့ရတယ်၊ ဒီနေရာမှာ တရုတ်ရေနံတင် ဆိပ်ကမ်း ရှိတယ်၊ တရုတ်ရေနံ သိုလှောင်ရုံတွေရှိတယ်၊ အရင်တခါမှ မဖြစ်ပေါ်ခဲ့ဘူးဆိုတာကိုလည်း မေးပြီးတော့ တင်ပြခဲ့တာပဲ။ ဒါပင်မယ့် ကျေနပ်လောက်တဲ့ အဖြေတော့ မရပါဘူး။” ဝန်ကြီးဌာနအားလုံး ပေါင်းစပ်အဖြေထုတ်ဖို့ အချိန်ယူရဦးမှာဖြစ်လို့ နောင်မှ ဖြေကြားပေးနိုင်မယ်လို့  ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ရေပြင်ညစ်ညမ်းခဲ့တဲ့နေရာ အနီးနားတဝိုက်မှာ မဒေးကျွန်းရေနက်ဆိပ်ကမ်းရှိပြီး ရေနံသယ်ယူတင်ပို့တာရှိပေမယ့် ရေနံယိုဖိတ်တာ မရှိဘူးလို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ငြင်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024