Ban’ei (သို့မဟုတ်) ကမ္ဘာ့အနှေးဆုံး မြင်းပြိုင်ပွဲ (ရုပ်သံ)

2.4K
မြင်းပွဲတိုင်းနီးပါးဟာ အရှိန်အဟုန်ကို ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဖြစ်ပေမယ့် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးက မြင်းပြိုင်ပွဲကတော့ တမူထူးခြားနေပါတယ်။
Ban’ei လို့ခေါ်တဲ့ ဒီမြင်းပြိုင်ပွဲဟာ အရှိန်ထက် မြင်းတွေရဲ့ ခွန်အား နဲ့ သက်လုံကို အဓိကဦးစားပေး ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲဖြစ်တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။
ဘန်ဘာလို့ခေါ်တဲ့ Ban’ei ပြိုင်ပွဲဝင်မြင်းတွေဟာ သာမာန်ပြိုင်မြင်းတွေနဲ့ များစွာကွဲပြားပါတယ်။
ဘန်ဘာတကောင်ဟာ ၁၂၀၀ ကီလိုဂရမ်လောက် အလေးချိန်ရှိပြီး ဟော့ကိုင်းဒိုး မျိုးရင်းမြင်းတွေထက် နှစ်ဆလောက်ကြီးမားပါတယ်။
ဘန်ဘာမြင်းတွေဟာ ၁၉ ရာစုကုန်ပိုင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ပြင်သစ်၊ ဘယ်လ်ဂျီယမ်တို့ကနေ တင်သွင်းလာတဲ့ ဥရောပမြင်းတွေကနေ ဆင်းသက်လာတာဖြစ်ပြီး အခုချိန်မှာတော့ ဂျပန်နိုင်ငံမှာတင် မွေးမြူပေါက်ဖွားနေပါပြီ။
အရွယ်အစားပေါ်မူတည်ပြီးတော့ ဘန်ဘာတကောင်ဟာ တစ်တန်လောက်လေးတဲ့အလေးချိန်ကို ဆွဲယူနိုင်ပြီး ဒီအချက်ကပဲ ကမ္ဘာ့အနှေးဆုံးမြင်းပြိုင်ပွဲအ တွက် လိုအပ်တဲ့ အရာပဲဖြစ်ပါတယ်။
Ban’ei ပြိုင်ပွဲဝင်မယ့် ဘန်ဘာမြင်းတွေဟာ ၄၅၀ ကီလိုဂရမ်ကနေ တစ်တန် ကြား အလေးချိန်ရှိတဲ့ စွပ်ဖားတွေကို သဲခင်းထားတဲ့ ပြေးလမ်းပေါ်မှာ ဆွဲယူရမှာဖြစ်ပြီး ဒီပြေးလမ်းမှာ ဆင်ခြေလျောနှစ်ခုကိုလည်း ထည့်သွင်းထားပါတယ်။
ဒါဟာကြမ်းတမ်းလွန်းတဲ့ ပြိုင်ပွဲတခုဖြစ်တာကြောင့် မြင်းတွေဟာ ပြိုင်ပွဲဝင်နေစဉ်မှာပဲ ခေတ္တအနားယူဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် Ban’ei ပွဲတွေဟာ သမားရိုးကျမြင်းပွဲတွေလို မြန်ဆန်မှာမဟုတ်ပါဘူး။
မြင်းတွေမှာပါဝင်တဲ့ ဂျော်ကီတွေဟာလည်း တုတ်ကိုတောင်မကိုင်ကြဘဲ ဇတ်ကြိုးနဲ့တင် မြင်းပြေးအောင် ဆောင်ရွက်ရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
နောက်တခုထူးခြားတာက Ban’ei ပွဲတွေ မှာ နှာတဖျားသာနဲ့ အနိုင်ရသွားတာမျိုး မရှိခြင်းပဲဖြစ်ပါတယ်။ ပြိုင်ပွဲစည်းကမ်းအရ ပြိုင်ပွဲဝင်မြင်းဟာ စွပ်ဖားကို ပါသတ်မှတ်ထားတဲ့စည်း ကျော်အောင် ဆွဲယူရမှာပဲ ဖြစ်ပါတယ်။
အချက်အလက်တွေအရ Ban’ei မြင်းပွဲတွေဟာ ၁၈၈၇ ခုနှစ်က စတင်ခဲ့တယ်လို့ သိရပေမယ့် ၂၀ ရာစုအလယ်ပိုင်းမှာမှ ဟော့ကိုင်းဒိုးမှာ ခေတ်စားလာခဲ့တာပါ။ ဒီမြင်းပွဲတွေ အထူးရေးပန်းစားချိန်မှာ မြို့ကြီးတွေမှာရောင်ချရတဲ့ လက်မှတ်ရောင်းရငွေဟာ ဂျပန်ယန်း ၃၂ ဘီလီယံအထိမြင့်တက်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ ဂျပန်အစိုးရက Ban’ei မြင်းပြိုင်ပွဲကို ဟော့ကိုင်းဒိုးရဲ့အရေးပါတဲ့ ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။