ရခိုင်ပြည်နယ်တွင် အဖိုးအိုတဦး ဓားဒဏ်ရာဖြင့် သေဆုံး
အေးနိုင်
·
September 13, 2012
ရခိုင်ပြည်နယ် ကျောက်တော်မြို့ သရက်အုပ်ကျေးရွာက အသက် ၆၄ နှစ်အရွယ် အမျိုးသားတဦး မြို့ပေါ်ကနေ ရွာအပြန်လမ်းမှာ လည်ပင်းဓားဒဏ်ရာနဲ့ သေဆုံးပါတယ်။
သေဆုံးသူ ဦးကျော်မောင်ချေဟာ မလေးရှားနိုင်ငံရောက်နေတဲ့ သားဆီကနေ ပေးပို့လိုက်တဲ့ငွေ ကို ကျောက်တော်မြို့ပေါ်မှာ သွားထုတ်ရာက ရွာအပြန်မှာ လမ်းက လယ်စပ်မှာ လည်ပင်းဓား ဒဏ်ရာနဲ့ အလောင်းကို စက်တင်ဘာ ၁၁ ရက်သန်းခေါင်ယံခန့်မှာ တွေ့ရတာလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ကျောက်တော်မြို့နယ်အမတ် ဦးမောင်မောင်က ပြောပါ တယ်။
ကျောက်တော်မှာ ညမထွက်ရအမိန့် ထုတ်ထားတဲ့အတွက် ၅ နာရီဝန်းကျင်မှာ ကုန်းကြောင်းပြန် သွားတဲ့ ဦးကျော်မောင်ချေ အိမ်ပြန်မရောက်လို့ လိုက်ရှာမှ အလောင်းတွေ့ရပုံကို ဦးမောင်မောင်က ခုလို ရှင်းပြပါတယ်။
"ရွာသားတွေက သူပြန်မရောက်တဲ့အတွက် ရှာတဲ့အချိန်မှာ လမ်းမှာ သွေးကွက်တွေ တွေ့ပါတယ်။ လိုက်ကြည့်တဲ့အခါ ပေလေးဆယ်ကျော်လောက်အကွာ လယ်စပ်ထဲမှာ အလောင်းကို စွန့်ပစ်ထားတဲ့ သဘောမျိုး ရွာသားတွေက တွေ့ရပါတယ်။”
ဦးကျော်မောင်ချေဟာ ကျောက်တော်မြို့မှာ ငွေထုတ်လာရင်း သူတို့တတွေ လမ်းခရီးမှာ အနှောင့်အယှက်ပေးခံရတာတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာ တိုင်ကြားစာပေးခဲ့သေးတယ် လို့ ဦးမောင်မောင်က ပြောပါတယ်။
ငွေသွားထုတ်စဉ်က သမီးနဲ့အတူ သွားထုတ်ပြီး သမီးက အရင်ရွာကို ပြန်နှင့်သလို သူက ဆွေမျိုးတွေ အိမ်မှာကျန်ရစ်ပြီး အိမ်ပြန်နောက်ကျလို့ လိုက်လံရှာဖွေမှ အလောင်း ကို တွေ့တာလို့ ဆိုပါတယ်။
ကျောက်တော်ရဲတပ်ဖွဲ့မှူးရုံးကို မေးမြန်းရာမှာ အခင်းဖြစ်တဲ့နေရာကို သွားရောက် စစ်ဆေးနေကြသလို သက်သေတွေကို ခေါ်ယူစစ်ဆေးနေဆဲဖြစ်တယ်လို့ ဖြေပါတယ်။
ဦးကျော်မောင်ချေရဲ့ ရုပ်ကလာပ်ကို ဒီနေ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ကျောက်တော်မြို့က သုသာန်မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။