ပုဂ္ဂလိကသတင်းစာ ခုကတည်းက ထုတ်ဝေခွင့်ပေးဖို့ သမ္မတထံ စာပို့
ရွှေအောင်
·
September 12, 2012
ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်ကို အခုကတည်းက ခွင့်ပြုပေးဖို့ ဂျာနယ် ၇ ခုရဲ့ အမှုဆောင်အရာရှိချုပ်တွေ လက်မှတ်ထိုးပြီး သမ္မတကို တောင်းဆိုလိုက်ပါတယ်။
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်မှတဆင့် စက်တင်ဘာ ၁၀ ရက်နေ့က သမ္မတထံ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။
စာရေးသားတင်ပြရတဲ့ အကြောင်းရင်းတချို့ကို ပေါ်ပြူလာဂျာနယ် ထုတ်ဝေနေတဲ့ Asian Fame Media Group အမှုဆောင်အရာရှိချုပ် ဒေါ်နန်းကလျာဝင်းက အခုလို ပြောပါတယ်။
“ရင်းနှီးမြှုပ်နှံမှုတွေက နည်းနည်းများတဲ့အတွက်ကြောင့် နောက်ပြီး အချိန်ကလည်း နည်းနည်းယူရမှာ ဖြစ်တဲ့အတွက် အခုလောက်ကတည်းက ကျမတို့သိထားရရင် နောက် ၁ နှစ် ဒါမှမဟုတ် ၆ လလောက်ကျမှ အဆင်သင့် ဖြစ်နိုင်မှာမို့ ကျမတို့က ပြန်မေးပြီး တင်တဲ့သဘောမျိုးပါပဲ။ ပြင်ဆင်ချိန်လည်း ပါသလို တချို့ကျတော့လည်း ရင်းနှီးမြှုပ်နှံမှုက ကြီးတဲ့အခါ မသေချာဘဲနဲ့ ဘယ်သူမှ မရင်းချင်ကြတဲ့အပိုင်း ရှိတယ်လေ။ ကျမတို့ဘက်က အခြေအနေလေးတွေလည်း သိစေချင်တာလည်း ပါပါတယ်။ အခုပေးရင် အခုထုတ်လို့ မရနိုင်တဲ့ အခြေအနေမျိုးလေးတွေကို တင်ပြတဲ့ သဘောမျိုးပါပဲ။”
သူတို့ ၇ ဦး လက်မှတ်ထိုး ပေးပို့လိုက်တယ် ဆိုပေမယ့် သတင်းစာ ထုတ်ဝေလိုသူတွေ အားလုံးအတွက် တင်ပြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မီဒီယာဥပဒေပြဋ္ဌာန်းဖို့က အချိန်ယူရဦးမှာမို့ လက်ရှိရှိနေတဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအရ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ပေးဖူးတဲ့အတွက် အခုလည်း အဲ့ဒီဥပဒေနဲ့ ထုတ်ဝေခွင့် ပြုသင့်တဲ့ အကြောင်း သမ္မတထံ ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။
လက်မှတ်ရေးထိုး တင်ပြခဲ့သူတွေကတော့ ဒေါက်တာ သန်းထွဋ်အောင် (Eleven Media Group)၊ ဒေါက်တာတင်ထွန်းဦး( MCM Co., Ltd)၊ ဦးသောင်းစုငြိမ်း (Information Matrix Co., Ltd)၊ ဒေါ်ဝင်းကလျာဆွေ( Living Color Media)၊ ဒေါ်နန်းကလျာဝင်း(Asian Fame Media Group)၊ ဒေါက်တာခင်မိုးမိုး(Swe Sone Media Group)နှင့် ဦးဇော်မင်းအေး (မိုးဆန်းပန်း မီဒီယာ) တို့ ဖြစ်ကြပါတယ်။
ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်ကို လာမယ့် နှစ်ဆန်းပိုင်းလောက် ခွင့်ပြုဖို့ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်က မြန်မာတိုင်မ်းဂျာနယ်နဲ့ တွေ့ဆုံမေးမြန်းချက်တခုမှာ ပြောကြားခဲ့ပါတယ်။