Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ဝါးတောင်ကျေးရွာကို စစ်ဘေးရှောင်များ ထပ်ရောက်၊ လူဦးရေ ၁၂၀၀ ခန့်ရှိပြီ
DVB
·
January 4, 2019
တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာကို ယိုးချောင်းဖျားက စစ်ဘေးရှောင် တိုင်းရင်းသား မျိုးနွယ်စုတွေ ၁၂၀၀ နီးပါး ရောက်ရှိလာတယ်လို့ ဝါးတောင်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ယိုးချောင်းဖျားကျေးရွာ ၈ ရွာက အိမ်ထောင်စု ၂၁၉ ကျော်၊ လူဦးရေ ၁၁၉၀ ကျော် ရောက်ရှိလာတယ်လို့ ဝါးတောင် ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။ “ကျေးရွာ ၈ ရွာကလူဦးရေ ၁၁၉၀ ရောက်ရှိနေတာ။ အိမ်ထောင်စုကတော့ ၂၁၉ စု ပါ။ အဲ့ဒါက ယိုးချောင်းဖျားက ထွက်ပြေးလာတာပါ။ သူတို့တွေက ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာ ၃၀ ရက်နေ့ ဝါးတောင်ကျေးရွာကို စရောက်နေတယ်။ ဒီကနေ့ မနက်ပိုင်းလာနေကြတယ်။ ဒီနေ့အချိန်အထိ ဆိုရင် လူဦးရေ ၁၁၉၀ ရှိနေပြီ၊ အကုန်စစ်ဘေးရှောင်တွေပဲ”လို့ပြောပါတယ်။ င/စိုင်းရိုင်းကိုင်းကျေးရွာ အိမ်ထောင်စု ၃၂ စု လူဦးရေ ၁၆၂ ဦး၊ သိမ်းချောင်းအိမ်ထောင်စု ၃၅ စု လူဦးရေ ၂၃၃ ဦး၊ တဲဝကျေးရွာအိမ်ထောင် ၂၆ စု လူဦးရေ ၁၃၁ ဦး၊ ပညာကြီးကျေးရွာ အိမ်ထောင်စု ၇ စု လူဦးရေ ၃၄၊ ခမောင်းကျေးရွာ အိမ်ထောင်စု ၇၆ စု လူဦးရေ ၄၁၂၊ လီကွိကျေးရွာ အိမ်ထောင်စု ၁၃ စု လူဦးရေ ၇၀၊ ကန်ပိကျေးရွာ အိမ်ထောင်စု ၂၇ စု လူဦးရေ ၁၄၅၊ ချင်းမဝန်ဒေါင်းကျေးရွာအိမ်ထောင်စု ၁ စု၊ လူဦးရေ ၃ ဦး စုစုပေါင်း အိမ်ထောင်စု ၂၁၉ စုနဲ့ လူဦးရေ ၁၁၉၀ ရောက်ရှိနေတယ်လို့ ဝါးတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ဝါးတောင်ကျေးရွာအနီး စစ်တွေ-ရန်ကုန် ကားလမ်းနံဘေးမှာ နေရာချပေးထားတယ်လို့ ဝါးတောင်ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။ “သူတို့တွေနေဖို့ထိုင်ဖို့ လုံးဝအဆင်မပြေဘူး။ လူဦးရေက တဖြည်းဖြည်းနဲ့များလာနေတယ်။ ကားလမ်းနားဘေး ကျနော်တို့ နေရာချပေးထားပါတယ်။ အောက်က အခန်းတွေမရှိဘူး။ ဒီအတိုင်း လတ်တလောအဆင်ပြေဖို့ အမိုး အကာယာယီတွေလုပ်ပြီးတော့ အိပ်နေရတယ်။ စားနပ် ရိက္ခာတွေကတော့ နည်းနည်းလှူဒါန်းတာတွေရှိတယ်။ နောက်ထပ် ၂ ရက်သုံးရက်ဆိုရင်တော့ မလွယ်ဘူး” လို့ ပြောပါတယ်။ ယိုးချောင်းအထက်ဖျားက ကျေးရွာတွေမှာ စားနပ်ရိက္ခာတွေ ပြတ်တောက်သွားတာတွေ၊ သွားလာခွင့်နဲ့ ဆန်စပါးတွေ သယ်ဆောင်ခွင့်မပြုတာတွေကြောင့် အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေက ထွက်ပြေးတိမ်းရှောင်လာကြတာလို့ ဝါးတောင်ကျေးရွာကို ရောက်ရှိနေတဲ စစ်ဘေးရှောင်တွေကပြောပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်တွေ လတ်တလောအဆင်ပြေစေဖို့ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေတယ်လို့ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ဒီဗွီဘီကိုပြောပါတယ်။ “လတ်တလော အဆင်ပြေဖို့ လေးမြို့နယ်တွေမှာ ကူညီထောက်ပံ့မှုတွေလုပ်နေတယ်။ ဒါပေမယ့် စစ်ဘေးရှောင်တွေ တအားများလာနေတော့ အခက်အခဲ့တွေ အများကြီးဖြစ်နေကြပြီ။ မနေ့က ဝါးတောင်စစ် ဘေးရှောင်တွေ ထပ်ရောက်တယ်လို့တယ်။ ၁၀၀ ကျော်ပြီပေါ့၊ အဲ့ဒီဘက်ကို မရောက်လိုက်ဘူး။ အခု ကျနော် ဘူးသီးတောင်မှာ အရေးပေါ်လိုအပ်နေလို့ သွားနေတယ်” လို့ ပြောပါတယ်။ ၂၁၀၉ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ ဘူးသီးတောင် နွားရုံတောင် အရှေ့ဘက်တောင်တန်းပေါ် တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။ ရခိုင်ပြည်နယ် မြို့နယ်လေးမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်စစ်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ၄၀၀၀ နီးပါ ရှိလာနေပြီး ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြောပါတယ်။ ရခိုင်ပြည်နယ် မြို့နယ်လေးမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပြည်နယ်အစိုးရအဖွဲ့ က ထောက်ပံ့မှု မရှိသလောက် နည်းပါးတဲ့အတွက် ဝေဖန်နေကြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024