မုံရွာမြို့ အကျဉ်းထောင်တွင် လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများ ပြုလုပ်

၇၁ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ မုံရွာမြို့အကျဉ်းထောင်မှာ အကျဉ်းသူအကျဉ်းသားတွေကို ထောင်တွင်း ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲတွေ ပြုလုပ်ပေးခဲ့ပါတယ်။ အခုလို ပြုလုပ်ပေးတာဟာ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုတဲ့ အထိမ်းမှတ်ဖြစ်တဲ့အပြင် ထောင်အတွင်းမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူ အကျဉ်းသားတွေကို သောကကင်းဝေးစေဖို့ ရည်ရွယ်တယ်လို့ မုံရွာမြို့ထောင်ပိုင်ကြီး ဦးခင်မောင်ထွန်းက ပြောပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့က စတင်ကာ မုံရွာ အကျဉ်းထောင်တွင်းမှာ အားကစားပြိုင်ပွဲအခမ်းနားကို ဖွင့်လှစ်ပြုလုပ်ခဲ့ပြီး စစ်တုရင်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ကျောပိုးပြေးပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲတွေနဲ့ ဂုံနီအိတ်စွတ်အပြေးပြိုင်ပွဲ စတဲ့ ကစားနည်း ၁၀ မျိုးလောက် ပြိုင်ပွဲပြုလုပ်ခဲ့သလို ပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိတဲ့ အကျဉ်းသားတွေကိုလည်း ဆုပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ထောင်ပိုင်ကြီးက ဆိုပါတယ်။ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် အကျဉ်းထောင်အတွင်း ပိုက်ကျော်ခြင်းပြိုင်ပွဲကိုတော့ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အထိ ပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ ထောင်ပိုင်ကြီးတယောက်အနေနဲ့ အကျဉ်းသူအကျဉ်းသားတွေကို လွတ်လပ်ရေးရဲ့ အရသာကို ခံစားစေချင်သလို လွတ်ငြိမ်းချမ်းသာခွင့်တွေ ရရှိစေနိုင်ဖို့ မျှော်တွေးမိတယ်လို့ ပြောကြားပါတယ်။ မုံရွာမြို့အကျဉ်းထောင်မှာ လက်ရှိ အချုပ်သား၊ အချုပ်သူဦးရေနဲ့ အကျဉ်းထောင်သူ၊ ထောင်သား ဦးရေ အားလုံး စုစုပေါင်း၂၀၀၀ နီးပါးလောက် ရှိပါတယ်။ မုံရွာမြို့အကျဉ်းထောင်မှာ ၂၀၁၈ ခုနှစ်ကလည်း မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ထောင်တွင်းကျခံနေရတဲ့ အကျဉ်းသူအကျဉ်းသားတွေကို ပျော်ပွဲရွင်ပွဲအဖြစ် အားကစားပြိုင်ပွဲတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဇန်ဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) မှာလည်း လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းထောင်ဝန်ထမ်းတွေအတွက် သီးသန့် အားကစားပြိုင်ပွဲတွေ ကျင်းပြပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မုံရွာမြို့အကျဉ်းထောင်ဟာ မြန်မာပြည်က (ဂ) အဆင့်ရှိ အကျဉ်းထောင်တခုဖြစ်ပြီး အကျဉ်းသူ အကျဉ်းသားတွေဟာလည်း ထောင်ဒဏ် ၁၀ နှစ်အောက်မှာ အပြစ်ကျခံရသူတွေ ဖြစ်ပါတယ်။ မုံရွာမြို့အကျဉ်းထောင်ဟာ ယခင် ဗြိတိသျှအစိုးရလက်ထက်က ဆောက်လုပ်သွားတဲ့ အကျဉ်းထောင်တခုဖြစ်ပြီး မုံရွာမြို့တွင်း ရုံးကြီးရပ်ကွက်မှာ တည်ရှိပါတယ်။ သတင်းဓာတ်ပုံ - ရန်နိုင်စိုး  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up