ချောက်မြို့တွင် လွတ်လပ်ရေးနေ့ မီနီမာရသွန်အပြေးပြိုင်ပွဲ ကျင်းပမည်

1.4K
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီနီမာရသွန် အပြေးပြိုင်ပွဲကို ဇန်နဝါရီ ၄ရက် မနက် ၆နာရီမှာ ကျင်းပဖို့ရှိနေပါတယ်။
ပြိုင်ပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဝင်း “မြို့နယ်လုံးအဆင့်အနေနဲ့ ပျောက်ဆုံးခဲ့တာ ဆယ်စုနှစ် နှစ်ခုကျော်ခဲ့ပြီးမှ အခုနှစ်မှာ ပထမဆုံး ပြန်လည် ကျင်းပဖြစ်တာပါ။ အခုအခြေအနေကလည်း မြို့မိမြို့ဖ အလှူရှင်တွေနဲ့ ပူးပေါင်းပြီး လုပ်ရတာ၊ နောက်လာမယ့်နှစ်မှာ တာဝေးမာရသွန်ကြီး ပြန်လည်ဖြစ်မြောက်အောင် ကြိုးပမ်းပြီး အဲဒီအချိန်ကြရင် ဆုကို ထိုက်ထိုက်တန်တန်ရအောင်ပထမဆုကို ဆိုင်ကယ်တစီးလောက် ပေးနိုင်အောင် ကြိုးစားသွားမယ်” လို့ ပြောပါတယ်။
အားကစားသမားကောင်းတွေ ပြန်လည်ပေါ်ထွန်းလာစေဖို့နဲ့ လူငယ်တွေ စိတ်လေပြီးမူးယစ်ဆေးဝါးသုံးစွဲတာ၊ လက်ဖက်ရည်ဆိုင်ထိုင် အချိန်ဖြုန်းနေတာတွေ လျှော့နည်း လာအောင် ရည်ရွယ်ကျင်းပတာလို့လည်း ဆိုပါတယ်။
အပြေးပြိုင်ပွဲဝင်မယ့်သူတွေရဲ့ အသက်ကိုလည်း ၁၂နှစ်ကနေ ပါဝင်ခွင့်ပေးထားပြီး အသက် ၁၂ ကနေ ၁၅နှစ်အတွင်း ပြိုင်ပွဲပါဝင်ချင်သူတွေ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့ လာရောက် စာရင်း ပေးနိုင်ပါတယ်။
အဆိုပါ မီနီမာရသွန်ပြေးပွဲကို အမျိုးသား ၁၀ မိုင် တပွဲ၊ အမျိုးသမီး ၇ မိုင် တပွဲ နှစ်ပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။
အမျိုးသားတွေက မိုင်တိုင်အမှတ် ၃၉၆ ကနေ စတင်တာလွှတ်ပြီး အမျိုးသမီးတွေကတော့ မိုင်တိုင် ၃၉၉ မှတာလွှတ်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ပန်းဝင်ရမှာပါ။
ဆုတွေအနေနဲ့ ကတော့ အမျိုးသား ၁၀ မိုင် ပြေးပွဲကို ပထမ ဆု ၃ သိန်း၊ ဒုတိယ ၂ သိန်း၊ တတိယ ၁ သိန်း၊ စတုတ္ထ ၅ သောင်း၊ ပဉ္စမ ၃ သောင်းနဲ့ ဆဋ္ဌမ မှ ဒသမ အထိ ပန်းဝင်သူ ၁ သောင်းနဲ့ သတ်မှတ်ချိန်အတွင်းပန်းဝင်သူ ၅ ထောင်ကျပ်စီ ချီးမြှင်မှာပါ။
အမျိုးသမီး ၇ မိုင်ပြေးပွဲကိုလည်း ပထမ ကျပ်၂ သိန်း၊ ဒုတိယ ၁ သိန်းခွဲ၊ တတိယ ၁ သိန်း၊ စတုတ္ထ ၃ သောင်းနဲ့ ပဉ္စမ ၂ သောင်း၊ ဆဌမ မှ ဒသမအထိနဲ့ သတ်မှတ်ချိန်အတိုင်းပန်းဝင်သူ တွေကိုလည်း ဆုတွေ ပေးအပ်သွားဖို့ ရှိပါတယ်။
အရင်နှစ်ကလည်း မြို့ချစ်သူ ပရဟိတအသင်းဦးဆောင်မှုနဲ့ မီနီမာရသွန်ပြေးပွဲ ကျင်းပခဲ့ပြီး အပြေးသမား ၆၈ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အခုနှစ်အတွက် တော့ စာရင်းပေးထားသူ ကျား ၃၀ နဲ့ မ ၄ ဦးသာ ရှိပါသေးတယ်။
ကိုလင်း(ချောက်)