A d v e r t i s e m e n t With Us

ထီးနန်းစွန့်တော့မည့် ဂျပန်ဧကရာဇ် ပြည်သူများကို နှစ်သစ်ကူးမိန့်ခွန်းပြော

ဓာတ်ပုံ - AFP
လာမယ့် ဧပြီလမှာ ထီးနန်းစွန့်မယ့် ဂျပန်ဧကရာဇ် အကီဟီတိုဟာ ဇန်နဝါရီ ၂ ရက်နေ့က  ပြည်သူတွေကို နောက်ဆုံးအကြိမ် နှစ်သစ်ကူးမိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီ ၂ ရက်နေ့က ထောင်နဲ့ချီတဲ့ ဂျပန်ပြည်သူတွေဟာ တိုကျိုမြို့လယ်ကောင်ရှိ ဘုရင့်နန်းတော်ကို သွားရောက်ပြီး ဧကရာဇ် အကီဟီတိုရဲ့ နောက်ဆုံးအကြိမ် နှစ်သစ်ကူးမိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။ အဲဒီအခမ်းအနားကို မိဖုရား မီချီကို၊ အကြီးဆုံးသားဖြစ်သူ အိမ်ရှေ့စံ နာရူဟီတိုနဲ့ တော်ဝင်မိသားစုဝင်တွေ တက်ရောက်ခဲ့ပါတယ်။ “ဒီနှစ်ဟာ ပြည်သူအားလုံးအတွက် ပိုမိုကောင်းမွန်တဲ့နှစ် ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနှစ်လို နှစ်သစ်ကူး အခါသမယမှာ ဂျပန်ပြည်သူတွေနဲ့ တကမ္ဘာလုံးမှာရှိကြတဲ့ ပြည်သူတွေ ငြိမ်းချမ်းပျော်ရွှင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်” လို့ ဂျပန်ဧကရာဇ် အကီဟီတိုက ပြောကြားခဲ့ပါတယ်။ သုံးရက်တာ နှစ်သစ်ကူး အားလပ်ရပ်အတွင်း ဂျပန်ပြည်သူတွေဟာ ဘုရင့်နန်းတော်ကို သွားရောက်ပြီး ဘုရင်ကြီးကို ကျေးဇူးတင်စကား ပြောခဲ့ကြပါတယ်။ “ပြီးခဲ့တဲ့ အနှစ် ၃၀ လုံးလုံး အရမ်းကို မတည်ငြိမ်တဲ့ ကာလတခုပါ။ ဒါပေမယ့် ဘုရင်ကြီးဟာ ဂျပန်ပြည်သူတွေအတွက် ကျောက်စိုင်ကျောက်ခဲကြီး တခုလို မားမားမတ်မတ် ရှိခဲ့ပါတယ်။ အဲဒီအတွက် ဘုရင်ကြီးကို ကျေးဇူးတင်စကား ပြောလိုပါတယ်” လို့ ချီဘာစီရင်စုက ချေဂို ကိုဘာ ယာရှီက ပြောပါတယ်။ “ဒီကနေ့ ကျမ အိုဆာကာကနေလာပြီး ဘုရင်ကြီးရဲ့ ကြိုးပမ်းမှုအတွက် ကျေးဇူးတင်စကား လာပြောတာပါ။ ဒီနေ့ပဲ ဘုရင်ကြီးရဲ့အသံကို ကိုယ်တိုင်ကိုယ်ကျ ကြားခဲ့ရတယ်။ ဒီအတွက် ဘုရင်ကြီးကို ကျေးဇူးတင်ပါတယ်ဆိုပြီး ကျမ သုံးကြိမ်သုံးခါ အော်ပြောခဲ့ပါတယ်” လို့လည်း အိုဆာကာမှ တိုယိုကိုဆိုမဲကာဝက ပြောပါတယ်။ သက်တော် ၈၅ နှစ်အရွယ် အကီဟီတိုဟာ လာမယ့် ဧပြီ ၃၀ ရက်နေ့မှာ ထီးနန်းစွန့်မှာ ဖြစ်ပြီး သူ့ရဲ့အရိုက်အရာကို သားဖြစ်သူ နာရူဟီတိုက ဆက်ခံမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up