ရုရှားတွင် ဓာတ်ငွေ့ပေါက်ကွဲခဲ့သည့် အပျက်အစီးကြားမှ မွေးကင်းစကလေးတဦး အသက်ရှင်လျက် ရှာတွေ့

ဓာတ်ပုံ - AFP
ရုရှားနိုင်ငံ မက်နီတာဂို့ခ်စ်မြို့က ဓာတ်ငွေ့ပေါက်ကွဲမှုအပြီး အပျက်အစီးတွေကြားမှာ မွေးကင်းစကလေးတဦးကို အသက်ရှင်လျက်တွေ့ခဲ့ပြီး ဆေးကုသပေးဖို့ ဇန်နဝါရီ ၁ ရက်နေ့က မြို့တော် မော်စကိုဆီ ပို့လိုက်ပါတယ်။ ကယ်ဆယ်သူတွေဟာ အပျက်အစီးတွေကြားထဲ အေးခဲနေတဲ့ အပူချိန်အောက်မှာ ၃၅ နာရီကြာ ရှာဖွေအပြီး ၁၁ လသားကလေးကို အသက်ရှင်လျက် တွေ့ခဲ့တာပါ။ ကလေးရဲ့အခြေအနေက အသည်းအသန် ဖြစ်နေပေမယ့် အခြေအနေ တည်ငြိမ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ မက်နီတာဂို့ခ်စ်မြို့ဟာ မော်စကိုမြို့တော် အရှေ့ပိုင်းကနေ မိုင်တထောင်ကျော် အကွာမှာ ရှိတာပါ။ ၉ ထပ် အဆောက်အဦမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲတာဖြစ်ပြီး တိုက်ခန်း ၄၈ ခန်း ပျက်စီးခဲ့တယ်လို့ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ဝန်ကြီးဌာနက ပြောပါတယ်။ ဒီဇင်ဘာ ၃၁ ရက်က တိုက်ခန်းတွဲ ပေါက်ကွဲပြိုကျမှုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံးပြီး အယောက် ၄၀ လောက် ပိတ်မိနေတယ်လို့ သတင်းဌာနတွေက အစီရင်ခံပါတယ်။ ဒါဇင်နဲ့ချီတဲ့လူတွေလည်း ပျောက်ဆုံးနေတယ်လို့ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ဝန်ကြီးဌာနက ကိုယ်စားလှယ်တွေကို ကိုးကားပြီး ရုရှားသတင်းဌာန TASS က ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up