Home
မြန်မာသတင်း
တပ်မတော်စစ်ကြောင်းကို ချောင်းမြောင်းပစ်ခတ်ခြင်းမရှိဟု ကရင်လက်နက်ကိုင်အဖွဲ့ ငြင်းဆို
နော်နိုရင်း
·
January 2, 2019
ကရင်ပြည်နယ်၊ ရှမ်းရွာသစ် အနောက်မြောက်ဘက် မဲသဝေါဒေသအတွင်း အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းကို ကေကေအို (ခွဲထွက်) အဖွဲ့က ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဒီဇင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ကေကေအို ခွဲထွက်အဖွဲ့မှ ပြောက်ကျားယူနီဖောင်းဝတ် ၃ ဦးကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီလို ချောင်းမြောင်းပစ်ခတ်မှုကြောင့် တပ်မတော်ဘက်က ပြန်လည်ပစ်ခတ် တိုက်ခိုက်ရာမှာ ယာယီတဲထဲကနေ အမ် ၁၆ သေနတ်တလက်နဲ့အတူ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းမှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီကေဘီအေ ခွဲထွက်အဖွဲ့က ဗိုလ်ဘိကို မေးမြန်းကြည့်ရာမှာ  သူတို့အဖွဲ့နဲ့ ပစ်ခတ်မှုမရှိကြောင်း အဲဒီနယ်မြေမှာ လှုပ်ရှားနေတာက ကေအန်ယူ တပ်မဟာ (၇) လက်အောက်ခံ တပ်ခွဲတွေနဲ့ BGF တပ်တွေပဲ ရှိတဲ့အကြောင်း ပြောပါတယ်။ “ကျနော့်လူတွေကို ကျနော်မေးကြည့်တော့ ဘာမှလည်းမရှိဘူး။ ဘာမှလည်း အသံမကြားဘူး။ အဲဒီ ရှမ်းရွာသစ် အနောက်မြောက်ဘက်မှာ ကျနော်သိရသလောက်တော့ ကေအန်ယူအဖွဲ့ရယ်၊ ၆၂ အဖွဲ့ရယ်၊ KNDO အဖွဲ့လည်းရှိတယ်။ နောက်တခုက လူမသေဘဲနဲ့ သေနတ်ရတာက ယူစရာအကြောင်း မရှိဘူးလေ။ ကျနော်ပြောချင်တာက ဒီသတင်းက လုံးဝမဟုတ်ဘူး။ သက်သက် ဒီအပစ်ခတ်ရပ်စဲရေးကာလမှာ ဒီကေဘီအေ နာမည်ပျက်အောင် လုပ်တဲ့သူရှိပါတယ်။” ဒါ့အပြင် လက်ရှိ အပစ်ရပ်ထားတဲ့အချိန်မှာ သူတို့တပ်ဖွဲ့တွေကို စစ်ရေးလှုပ်ရှားမှုတွေ မလုပ်ခိုင်းထားဘူးလို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024