Home
မြန်မာသတင်း
ငလျင်ဒဏ်ခံခဲ့ရသည့် ပုဂံရှေးဟောင်းဘုရားအားလုံးနီးပါး ပြန်လည် ပြုပြင်ပြီးစီး
DVB
·
January 2, 2019
ပုဂံဒေသက ငလျင်ဒဏ်ခံခဲ့ရတဲ့ ရှေးဟောင်းစေတီတွေကို အားလုံးနီးပါး ပြန်ပြုပြင်ပြီးသွားပြီလို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ငလျင်ကြောင့် ပျက်စီးခဲ့တာ ၃၈၉ ဆူရှိပြီး ဒီဇင်ဘာ ၁၅ ရက်အထိ အင်္ဂါစုံ ပြုပြင်ပြီးတာ ၂၂၄ ဆူ၊ ထိန်းသိမ်းတာက ၁၀၅ ဆူ ရှိပြီး ဆောင်ရွက်ဆဲက ၂၃ ဆူ ရှိပါတယ်။ ဒါကြောင့် ၃၇ ဆူပဲ ပြုပြင် ထိန်းသိမ်းဖို့ ကျန်နေတာပါ။ ဒီလို ထိန်းသိမ်းပြင်ဆင်ရာမှာ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ ပျက်စီးတဲ့ ပမာဏ၊ သမိုင်းတန်ဖိုး၊ ဗိသုကာလက်ရာကျန်ရှိတာနဲ့ ခေတ်ကာလ အပိုင်းအခြား တွေကို မူတည်ကာ အပျက်များတဲ့ စေတီ ၃၆ ဆူကို ပထမဦးစားပေး အနေနဲ့ သတ်မှတ်ထားပြီး ထိန်းသိမ်းတာက အဆူ ၂၀၊ လက်ရှိဆောင်ရွက်နေဆဲက ၁၃ ဆူ ရှိပါတယ်။ ဒုတိယ ဦးစားပေးကိုတော့ အပျက်အစီးနည်းတဲ့ ၅၃ ဆူကို သတ်မှတ်ပြီး ၃၆ ဆူကို ပြန်ထိန်းသိမ်းပြီး ဖြစ်ပါတယ်။ တတိယဦးစားပေး သတ်မှတ်ထားတဲ့ စေတီအဆူ ၃၀၀ မှာ ၂၂၄ ဆူကို တယောက်ချင်း အလှူရှင်တွေ ဖိတ်ခေါ်ပြင်ဆင်စေခဲ့ပြီး အင်္ဂါစုံ ပြင်ဆင်ပြီး ဖြစ်ပါတယ်။ ၇၆ ဆူကိုတော့ အစိုးရက ထိန်းသိမ်းထားပြီး ၂၃ ဆူကို ဆောင်ရွက်ဖို့ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနအနေနဲ့ နိုင်ငံတော် အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ အလောတကြီးမပြင်ဖို့၊ ရှေးမူလက်ရာမပျက် ထိန်းသိမ်းဖို့ စတဲ့ ချမှတ်ထားတဲ့ မူအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ သြဂုတ်လက အင်အားပြင်း ငလျင်လှုပ်ခဲ့လို့ ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေးစတဲ့ ဒေသတွေမှာ ရှေးဟောင်း စေတီနဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024