ပုဂံရှေးဟောင်းဒေသတွင် နှစ်သစ်ကူးပိတ်ရက် ပြည်တွင်းခရီးသွားများဖြင့် ပြည့်လျှံနေ
DVB
·
December 31, 2018
ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသကို ဒီဇင်ဘာနှစ်သစ်ကူး ပိတ်ရက်တွေမှာ ပြည်တွင်းဘုရားဖူး ခရီးသွားတွေ အများအပြားလာရောက်နေလို့ တည်းခိုစရာနေရာတွေလည်း ပြည့်လျှံနေပါတယ်။
ဘုန်းကြီးကျောင်းတွေမှာပါ တည်းခိုသူတွေပြည့်ခဲ့လို့ အရပ်ထဲက ဒေသခံတွေရဲ့ နေအိမ်တွေအထိ အကူညီတောင်း တည်းခိုမှုတွေရှိနေတယ်လို့ ပုဂံဒေသ လက်မှုပညာ သဲပန်ချီကား ရောင်းချသူ ဦးစိုးလွင်က ပြောပါတယ်။
ဒါ့အပြင် ဈေးဆိုင်တွေအနေနဲ့လည်းပုံမှန်ထက် ငါးဆကျော်ရောင်းအားကောင်းခဲ့တယ်လို့ ဆိုပါတယ်။
ပုဂံဒေသတခုလုံးက ဟိုတယ်တိုင်းလိုလို အခန်းပြည့်နေပေမယ့် အခန်းခတွေကို ဈေးနှုန်းပိုရောင်းချတာ မရှိဘူးလို့ ဟိုတယ်လုပ်ငန်းရှင်များအသင်း တွဲဘက်အတွင်းရေးမှူး ဦးအောင်ကြီးက ပြောပါတယ်။
ပြည်တွင်းခရီးသည်တွေ အမြောက်အများလာရောက်လည်ပတ်မှုတွေရှိနေသလို ဒီဇင်ဘာ လ ၁ ရက်ကနေ ၃၀ ရက်အထိ ပြည်ပဧည့်သည် ၃၆၀၀၀ ကျော်လာရောက်ကာ ပျမ်းမျှ တရက်ကို ပြည်ပဧည့်သည် ၁၀၀၀ ကျော်ဝင်ရောက်တယ်လို့ ဇုန်ဝင်ကြေး ကောက်ခံရေးအဖွဲ့က ပြောပါတယ်။
ကိုလင်း (ချောက်)