မလေးရှားနိုင်ငံတွင် ပလတ်စတစ် အမှိုက်များတင်သွင်းမှု ရပ်တန့်မည်

ဓာတ်ပုံ - AFP
မလေးရှားနိုင်ငံမှာ ပြန်လည်သုံးစွဲလို့မရနိုင်တဲ့ နိုင်ငံခြားဖြစ် စွန့်ပစ်ပလတ်စတစ် အမှိုက်တွေကို ပြည်တွင်းကို တင်သွင်းတာ ရပ်တန့်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီအမှိုက်တွေက နိုင်ငံတွင်း စိုက်ပျိုးမြေတွေနဲ့ ရေအရင်းအမြစ်တွေကို ဆိုးဆိုးရွားရွား ညစ်ညမ်းစေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံတွေဟာ နှစ်စဉ် တန်ချိန် သန်းချီတဲ့ ပလတ်စတစ် အမှိုက်တွေကို ထုတ်လုပ်ပြီး အဲဒီ အမှိုက်အများအပြားကို ပြန်ပြုပြင်သုံးစွဲဖို့ တရုတ်နိုင်ငံကို တင်ပို့ပါတယ်။ တရုတ်အစိုးရက မနှစ်ကစပြီး အမှိုက်တင်သွင်းမှုကို ပိတ်ပင်ခဲ့ရာက ခုတော့ အမှိုက်စီးကြောင်းဟာ အရှေ့တောင်အာရှ နိုင်ငံတွေဆီ လမ်းကြောင်းပြောင်း ရောက်လာခဲ့ပါတယ်။ ခုဆိုရင် မလေးရှားနိုင်ငံမှာ ဆီအုန်းစိုက်ခင်းတွေနဲ့ ခြံစည်းရိုးမြင့်တွေနောက်မှာ ကွယ်ဝှက်လုပ်ကိုင်နေတဲ့  ပလတ်စတစ်တွေကို ပြန်လည်ပြုပြင်ထုတ်လုပ်တဲ့ လိုင်စင်မဲ့စက်ရုံတွေ ဒါဇင်နဲ့ချီ ရှိနေတာပါ။ အမေရိကန်၊ ဗြိတိန်၊ နယူးဇီလန်စတဲ့ နိုင်ငံတွေက ပလတ်စတစ်တွေကို ပြန်ပြုပြင်ထုတ်လုပ် နေတဲ့ ဒီစက်ရုံတွေဟာ မြို့တော် ကွာလာလမ်ပူကနေ တနာရီ ကားမောင်းရင် ရောက်တဲ့ ဆိတ်ငြိမ်တဲ့ ခရိုင်တွေထဲမှာ ရှိနေပါတယ်။ ဒီစက်ရုံတွေက ထုတ်တဲ့ ညစ်ညမ်းမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ တကယ်လို့ မလေးရှား အစိုးရက မူဝါဒသစ်ကို အကောင်အထည် ဖော်ခဲ့ရင် အမှိုက်တွေဟာ တခြား ဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီ ရောက်မယ့် အလားအလာ ရှိတယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up