မန်ယူအသင်း ၃ ပွဲဆက်တိုက် ဂိုးပြတ်အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက နည်းပြသစ် ဆိုရှားလ် လက်ထက်မှာ ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ရရှိသွားပါတယ်။ မန်ချက်စတာ ယူနိုက်တက်က အိမ်ကွင်းမှာ ဘိုးမောက်ကို ပေါ့ဘာရဲ့ သွင်းဂိုး ၂ဂိုးအပါအ၀င်  ၄ ဂိုး ၁ဂိုးနဲ့ အနိုင်ရတာပါ။ ဒီပွဲမှာ မန်ယူအသင်းက တိုက်စစ် ဦးစားပေးနဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ မာရှယ်၊ လင်ဂတ်နဲ့ ရပ်ရှ်ဖို့ဒ်တို့ကို အသုံးပြုသွားပါတယ်။ မန်ယူအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၅ မိနစ်မှာ ကွင်းလယ်သမား ပေါ့ဘာက သွင်းယူ ပေးခဲ့ပြီး ဒုတိယ ဂိုးကိုလည်း ပေါ့ဘာကပဲ ပွဲချိန် ၃၃ မိနစ်မှာ သွင်းပေးခဲ့တာပါ။ ဒီပွဲမှာ မန်ယူက အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပါတယ်။  မန်ယူအတွက် တတိယဂိုးကို ၄၅ မိနစ်မှာ ရပ်ရှ်ဖို့ဒ်က သွင်းယူပါတယ်။ ဘိုးမောက်အတွက် ချေပဂိုးကို ၄၇ မိနစ်မှာ သွင်းယူနိုင်ခဲ့ပြီး   မန်ယူအတွက် စတုတ္တဂိုးကို တော့လူစားဝင်လာတဲ့ တိုက်စစ်မှူး လူကာကူက ပွဲချိန် ၇၂ မိနစ်မှာ သွင်းယူပေးခဲ့ ပါတယ်။ ပွဲချိန် ၇၉ မိနစ်လောက်မှာ မန်ယူ နောက်တန်းသမား ဘာအေ ဖျက်တာ ကြမ်းလို့ အနီကတ်နဲ့ အထုတ်ခံလိုက်ရပါတယ်။ ဒီပွဲမှာ ကွင်းလယ်မှာ ပေါ့ဘာ ခြေစွမ်းပြနိုင်တဲ့အတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ မန်ယူအတွက်တော့ မော်ရင်ဟိုထွက်သွားပြီးနောက်  ဧပြီ နောက်ပိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ၃ ပွဲဆက်တိုက် အနိုင်ရတာပါ။ ဒီပွဲနိုင်လို့ အမှတ်ပေးဇယားမှာ ၃၅ မှတ်နဲ့ အဆင့် ၆ မှာရှိနေပြီး အဆင့် ၄ နေရာက စပါးစ်နဲ့ ၇ မှတ်အကွာမှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up