Home
မြန်မာသတင်း
တက္ကသိုလ်ဖွံ့ဖြိုးရေး ဆရာနှင့်ကျောင်းသား သမဂ္ဂများ လက်တွဲလုပ်ရန် ပညာရေးဝန်ကြီးပြော
DVB
·
December 30, 2018
တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုက်တွေထားဖို့၊ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂတို့နဲ့ လက်တွဲပြီး တက္ကသိုလ်ရဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖြေရှင်းကြဖို့ ပညာရေးဝန်ကြီးက ပြောပါတယ်။ ဒီနေ့မနက်က ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်မှာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးတွေ၊ ဆရာ ဆရာမတွေနဲ့ တွေ့ဆုံရာမှာ ပြောသွားတာလို့ ပညာရေး သတင်းထုတ်ပြန်ရေးဌာနက ဆိုပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင် ဒိုမိန်း (domain) နဲ့ ဝက်ဘ်ဆိုက်တွေ ထားဖို့၊ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂနဲ့ တက္ကသိုလ်ကောင်စီ ဖွဲ့စည်းဖို့ကိစ္စတွေကို ပြောဆိုပါတယ်။ ပြီးတော့ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်နဲ့ ရေတိုရေရှည် စီမံချက်စာရင်းတွေ ပြုစုတင်ပြဖို့၊ လစာအသုံးစရိတ်တွေ၊ တည်ဆောက်ရေး အသုံးစရိတ်တွေနဲ့ ခွင့်ပြုဘဏ္ဍာငွေတွေကို ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ထိရောက်ပွင့်လင်းမြင်သာစွာသုံးစွဲဖို့၊ ဆရာသမဂ္ဂ၊ ကျောင်းသား သမဂ္ဂတွေနဲ့ အတူတကွပူးပေါင်းလက်တွဲ ဆောင်ရွက်ပြီး တက္ကသိုလ်ရဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြေရှင်းတတ်စေရန်ကိစ္စတွေကိုလည်း ဆွေးနွေးမှာကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှာရှိတဲ့ ဆရာ ဆရာမ ဝန်ထမ်းအင်အားစာရင်း၊ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူ အင်အားစာရင်းတွေ ပြုစု တင်ပြဖို့၊ စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းတွေ၊ ဘွဲ့ရကျောင်းသားဦးရေစာရင်းတွေ ပြုစုတင်ပြဖို့လည်း မှာကြားပါတယ်။ တက္ကသိုလ်တွေမှာ သင်ကြားသင်ယူမှုအရည်အသွေးကောင်းဖို့၊ တက္ကသိုလ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အားပေးဆောင်ရွက်ဖို့၊ သုတေသနဂျာနယ်တွေမှာ သုတေသနစာတမ်းတွေ ဖတ်ကြားပြီး သုတေသနစာတမ်းတွေကို စာရင်းပြုစုဖို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024