မန်စီးတီး လူငယ်ကစားသမားလေးကို ခေါ်ယူရန် ရီးရဲလ် ပြင်ဆင်

စပိန်အင်အားကြီး ရီးရဲလ်မက်ဒရစ်အသင်းက မန်စီးတီးအသင်းရဲ့ လူငယ်ခြေတက်လေး ဘရာဟင်ဒီရက်ဇ်ကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ အခြေအနေကောင်းနေပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။ စပိန်ကစားသမားလေး ဒီရက်ဇ်ဟာ မာလာဂါအသင်းကနေ မန်စီးတီးအသင်းထံကို ၂၀၁၄ ခုနှစ်မှာ ရောက်ရှိလာသူဖြစ်ပြီး ဂျေဒန်ဆန်ချို၊ ဖီးလ်ဖိုဒန်တို့နဲ့အတူ မန်စီးတီးအသင်းရဲ့ အနာဂတ်မှာ အားထားရမယ့်သူလို့ ထင်ကြေးပေးခံခဲ့ရသူဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့ ဒီရက်ဇ်တို့ရဲ့ စာချုပ်ဟာ အခုရာသီ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးစပ်လာလေလေ သူ့အပြောင်းအရွှေ့အသံတွေက ကျယ်လောင်လာလေလေပဲဖြစ်ပါတယ်။ ဒီရက်ဇ်ဟာ မန်စီးတီးအသင်းနဲ့ ကာရာဘောင်းဖလားပွဲ သုံးပွဲ ပွဲထွက်ခွင့်ရရှိထားသူဖြစ်ပြီး သူ့ကို ရီးရဲလ်အသင်းက ကာလရှည်စောင့်ကြည့်ခဲ့တာပဲဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း သူတို့ရဲ့အပြောင်းအရွှေ့မူဝါဒကို ပြောင်းလဲလာခဲ့ပြီး အသင်းအတွက် ရေရှည်အကျိုးရှိစေမယ့် လူငယ်ခြေတက်တွေကို သိသိသာသာ စုဆောင်းမှု ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ရီးရဲလ်အသင်းရဲ့ အဝယ်စာရင်းမှာ ဒီရက်ဇ်ပါဝင်လာတာဖြစ်ပြီး ရီးရဲလ်အသင်းရဲ့ ကွင်းလယ်သူ အစ္စကိုရဲ့ အပြောင်းအရွှေ့ကောလာဟလတွေကြောင့်လည်း ဒီရက်ဇ်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ရီးရဲလ်ကို ရောက်ရှိဖို့ ရာခိုင်နှုန်းပိုများနေတယ်လို့ The Telegraph သတင်းမှာ ဖော်ပြပါတယ်။ ကွင်းလယ်ဖန်တီးရှင် အစ္စကိုဟာ နည်းပြသစ် ဆိုလာရီလက်ထက် ပွဲထွက်စာရင်းမှာ ပါဝင်ဖို့ ရုန်းကန်နေရသူဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် အသင်းပြောင်းတော့မယ်လို့ သတင်းပြေးနေသူဖြစ်ပါတယ်။ ဒါ့ကြောင့် အစ္စကိုနေရာ အစားထိုးဖို့ ရီးရဲလ်အသင်းက ဒီရက်ဇ်ကို စာချုပ်ကုန်ဆုံးချိန်ထိ မစောင့်ဘဲ ဇန်နဝါရီမှာ အရခေါ်ယူဖို့ အားထုတ်လာတာဖြစ်ပါတယ်။ ဒီရက်ဇ်နဲ့ရဲ့ စပိန်ပြန်ခရီးနဲ့ ပတ်သက်လို့ သတင်းတွေ အမျိုးမျိုးပေါ်ထွက်နေပြီး စပိန်သတင်းစာ တစောင်ဖြစ်တဲ့ မာကာမှာတော့ အသက် ၂၁ နှစ်အရွယ် စပိန်ယူ ၂၁ ကစားသမားလေးဟာ ရီးရဲလ်အသင်းနဲ့ ၆ နှစ်စာချုပ်ချုပ်ဆိုတော့မယ်လို့ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up