အီဂျစ်တွင် ကမ္ဘာလှည့်ခရီးသည်တင်ကား ဗုံးပေါက်ကွဲ၊ ဗီယက်နမ် ၃ ဦးအပါအ၀င် ၄ ဦး သေဆုံး

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် ကမ္ဘာကျော် ဂီဇာ ပိရမစ်နယ်မြေကနေ ၂ မိုင်ခွဲလောက်သာ ကွာဝေးတဲ့ လမ်းပေါ်မှ ဒီဇင်ဘာ ၂၈ ရက်နော့ ကမ္ဘာလှည့်ခရီးသည်ကား ဗုံးပေါက်ကွဲလို့ ဗီယက်နမ်ခရီးသည် ၃ ယောက်နဲ့ အီဂျစ်ဧည့်လမ်းညွှန် ၁ ယောက် သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဘတ်စ်ကားပေါ်မှာ ဗီယက်နမ်ခရီးသည် ၁၄ ဦး လိုက်ပါလာပြီး၊ ဗီယက်နမ်ခရီးသည် ၉ ယောက်နဲ့ အီဂျစ် ကားဒရိုင်ဘာတို့  ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။ ဒဏ်ရာရသူတွေကို အနီးအနားရှိ အလ်ဟာရမ် ဆေးရုံကို ပို့ဆောင်ပေးထားပြီး အီဂျစ်ဝန်ကြီးချုပ်ကိုယ်တိုင် ဆေးရုံကို သွားကြည့်ခဲ့ပါတယ်။ အီဂျစ်အာဏာပိုင်တွေဟာ ဗီယက်နမ်သံရုံးနဲ့ အဆက်အသွယ် ရထားပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေ အားလုံးကို ဆေးဝါးစောင့်ရှောက်မှုရဖို့က အရေးအကြီးဆုံးပါလို့ ပြောသွားပါတယ်။ ဘတ်စ်ကားဟာ  ဒေသစံတော်ချိန် ညနေ ၆ နာ၇ီ ၁၅ မိနစ်လောက်မှာ မာရီအိုတီလမ်းပေါ်က နံရံတခုမှာ ဖွက်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းကနေ ပေါက်ကွဲစတွေ ထိမှန်သွားတာလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ “ဒီလုပ်ရပ်ကို ဘယ်သူလုပ်တယ် ဆိုတာ မသိရသေးပါဘူး။ ရဲတပ်ဖွဲ့ကတော့ စုံစမ်းနေပါတယ်။” ဒီပေါက်ကွဲမှုဟာ အီဂျစ်နိုင်ငံမှာ ၁ နှစ်ကျော်ကာလအတွင်း နိုင်ငံခြားသား ခရီးသည်တွေကို အသက်အန္တရာယ် ထိခိုက်စေတဲ့ ပထမဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာ ခရီးသွားလုပ်ငန်းဟာ နိုင်ငံခြားငွေရရှိတဲ့ အဓိကလုပ်ငန်းတခုဖြစ်ပြီး ၂ဝ၁၁  ပြည်တွင်းအုံကြွမှုတွေ ဖြစ်ပြီးကတည်းက ကမ္ဘာလှည့်ခရီးသွား အရေအတွက် သိသိသာသာ ထိုးဆင်းကျသွားတာကနေ တဖြည်းဖြည်း ပြန်ထူထောင်နေခဲ့ရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up