တောဝက်လူငယ်များအား ကယ်ခဲ့သည် ရေငပ်သမားများကို ဗြိတိန်ဘုရင်မကြီး၏ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် လှိုဏ်ဂူထဲ ပိတ်မိနေတဲ့ လူငယ်ဘောလုံးသမား ၁၂ ယောက်နဲ့ နည်းပြတို့ကို ကယ်တင်ခဲ့တဲ့ ရေငုပ်သမား ၄ ယောက်ကို  ဗြိတိန်ဘုရင်မကြီးရဲ့ နှစ်သစ်ကူးအထိမ်းအမှတ် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်များ စာရင်းထဲမှာ အသိအမှတ်ပြု ထည့်သွင်းထားပါတယ်။ ရေငုပ်အဖွဲ့ဝင်ထဲက  ရစ်ချတ် စတန်တင်နဲ့ ဂျွန် ဗိုလန်ဿန်တို့က ဂျော့ဘုရင်ပုံပါ သူရသတ္တိ ဘွဲ့တံဆိပ် ချီးမြှင့်ခံရပြီး၊ ခရစ္စတိုဖှာ ဂျူဝဲလ်နဲ့ ဂျေဆန် မောလင်ဆင်တို့ကတော့ သူတို့ရဲ့ ကယ်ဆယ်ရေးစွမ်းဆောင်ချက်တွေအတွက် ဘုရင်မကြီးပုံပါ သူရသတ္တိ ဘွဲ့တံဆိပ် ချီးမြှင့်ခံခဲ့ရတာပါ။ ၂၀၁၈ ဇွန်လ ၂၃ ရက်နေ့က  ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်က ဂူတခုထဲမှာ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အတွင်းရှိ တောဝက်ဘောလုံး အသင်းသားတွေနဲ့ အသက် ၂၅ နှစ်အရွယ် သူတို့ရဲ့နည်းပြတို့ ပိတ်မိနေခဲ့ပြီး ဂူတွင်းလမ်းတွေလည်း ရေတွေပြည့်နေလို့ ထွက်မရခဲ့ပါဘူး။ ဂူတွင်းပိုင်း ကီလိုမီတာ အတော်ဝေးဝေးမှာ ရောက်နေပြီး အမှောင်ထဲက ရွံ့ကမ်းပါးပေါ်မှာ ဆာလောင်နေတဲ့ သူတို့ကို စတန်တွန်နဲ့ ဗိုလန်ဿန်တို့က စတင်တွေ့ရှိခဲ့ပြီးနောက်မှာတော့ တကမ္ဘာလုံးက အာရုစိုက်ခဲ့ရတဲ့ သူတို့ကို စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို နှစ်သစ်ကူး ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်တွေကို ၁၉ ရာစု ဝိတိုရိယဘုရင်မကြီး လက်ထက်ကတည်းက ဂုဏ်ပြုချီးမြှင့်ခဲ့တာပါ။ လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကိုသာမက  မော်ကွန်းမထိုး ကမ္ပည်းမတင်ပေမယ့်လည်း အများပြည်သူအကျိုးကို ကိုယ်ကျိုးစွန့် ထမ်းရွက်ကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဖော်ထုတ် အသိအမှတ်ပြုဖို့ ရည်ရွယ်ချီးမြှင့်တာပါ။ အခုလို ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များစာရင်းကို ဘုရင်မကြီးရဲ့ မွေးနေ့ ဇွန်လနဲ့ နှစ်တနှစ် ကုန်ဆုံးချိန်တို့မှာ တနှစ်ကို ၂ ကြိမ် ထုတ်ပြန်ကြေညာလေ့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up