Home
မြန်မာသတင်း
တပ်မတော်သတင်းများ စိစစ်ခြင်းမရှိဘဲ ထုတ်ပြန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟုဆို
DVB
·
December 28, 2018
တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းတွေကို စိစစ်အတည်ပြုခြင်းမရှိဘဲ ဆက်လက်ထုတ်ပြန်ပါက သက်ဆိုင်ရာ သတင်းဌာနတွေကို ဥပဒေနှင့်အညီိ ဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့က မြဝတီသတင်းမှာ ကြေညာလိုက်တာဖြစ်ပြီး သတင်းဌာနအတွေ အနေနဲ့ တပ်မတော်သတင်းတွေကို သက်ဆိုင်ရာ လုံခြုံရေး နှင့် နယ်စပ်ရေး ရာဝန်ကြီးတွေနဲ့ တိုင်းစစ်ဌာနချုပ်တွေမှ တိုင်းဦးစီးဗိုလ်မှူးကြီးတွေဆီ အတည်ပြုပြီးမှသာ တင်ပြဖို့လည်း ရေးသားထားပါတယ်။ “သတင်းဌာနများအနေဖြင့် တပ်မတော် သတင်းများအား သက်ဆိုင်ရာ လုံခြုံရေး နှင့် နယ်စပ်ရေး ရာဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ် များမှ တိုင်းဦးစီး ဗိုလ်မှူးကြီးများထံ သတင်းစိစစ် အတည်ပြုခြင်းများ ပြုလုပ်ပြီးမှသာ ပြည်သူသို့ အမှန်အတိုင်း တင်ပြနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ချက်များ အပေါ်အထင်အမြင် လွဲမှားစေမည့် မဟုတ်မမှန် သတင်းထုတ်ပြန်မှုများအား မပြု လုပ်ကြရန် လိုအပ် ကြောင်းနှင့် တပ်မတော် သတင်းများကို စိစစ်အတည်ပြုခြင်း မရှိဘဲ ဆက်လက် ထုတ်ပြန် လာပါက သက်ဆိုင်ရာ သတင်းဌာန များအား ဥပဒေနှင့်အညီိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” သတင်းထုတ်ပြန် ထားပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ရွှေမှော်ကျေးရွာ အနီးမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က TNLA နှင့် မြန်မာစစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းဌာနတချို့က ထုတ်ပြန်ခဲ့ပြီး တပ်မတော် စစ်ကြောင်းတွေအနေနဲ့  TNLA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်းဖော်ပြပါတယ်။ အလားတူ သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာ အုပ်စုအတွင်းရှိ တွန်ကြိုင်းကျေးရွာအနီး ဒီဇင်ဘာ ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကာင်စီ (RCSS) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာမှာ တပ်မတော် စစ်ကြောင်းတွေက RCSS  နဲ့ ပူးပေါင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ကူတိုက်ခိုက်ပေးခဲ့ကြောင်း SSPP သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်မှုအပေါ် သတင်းဌာနတချို့က ဖော်ပြခဲ့ပါတယ်။ “စိစစ်မေးမြန်းမှုအား ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတဦးက ၎င်းတို့ အချင်းချင်း ဖြစ်ပွားနေသော ပဋိပက္ခသည် တပ်မတော်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း၊ တပ်မတော်အနေဖြင့် မည်သည့်ဘက်ကမှ ပါဝင်ကူညီပေး ခြင်းမရှိကြောင်း ” ရေးသားဖော်ပြပါတယ်။ ဒါ့ကြောင့် တပ်မတော်ရဲ့ အနာဂတ် လုပ်ငန်းတွေနဲ့ အများပြည်သူ မသိသင့် မသိထိုက်တဲ့ အကြောင်းအရာမှလွဲပြီး ကျန်ဖြစ်စဉ်တွေကို သက်ဆိုင်ရာလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတွေနဲ့ တိုင်းစစ်ဌာနချုပ်တွေမှ တိုင်းဦးစီး ဗိုလ်မှူးကြီးတွေထံ သတင်းရယူဖို့ စိစစ်အတည်ပြုနိုင်ရေး ခွင့်ပြုထားပြီး ဖြစ်ကြောင်း နဲ့ တရားဝင် ညွှန်ကြားထားပြီးကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေအဖွဲ့အနေနဲ့လည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို “တပ်မတော်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုသတင်းမှားများ ဖော်ပြခဲ့ခြင်းနှင့်ပြန်၍” ဖြေရှင်းဆောင် ရွက်ပေးဖို့ ဒီဇင်ဘာလ ၂၅ ရက်နေ့က အကြောင်းကြားပေးပို့ထားပါတယ်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကလည်း RFA,The Voice, Manager News Journal, The Ladies, မဇ္ဈိမ၊ ခေတ်သစ်မီဒီယာနဲ့ ဧရာဝတီသတင်းဌာနတွေဆီကို လိပ်မူပြီး ဒီသတင်းဖော်ပြခဲ့မှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးဖို့ ဖိတ်ခေါ်ထားပါတယ်။ သတင်းမီဒီယာတွေအနေနဲ့ သတင်းတွေ ရယူရေးသားဖော်ပြရာမှာ သတင်းမီဒီယာ ဥပဒေ အခန်း (၄) အရ သတင်းမီဒီယာသမားများ လိုက်နာရမယ့် တာဝန်နှင့်ကျင့်ဝတ်တွေကို လိုက်နာ ဖို့ တာဝန်ရှိကြောင်းလည်း သတင်မီဒီယာကောင်စီက ရေးသားဖော်ပြထားပါတယ်။ အလားတူ သတင်းမီဒီယာတွေ သတင်းအချက်အလက် အလွယ်တကူရယူနိုင်ဖို့အတွက် တပ်မတော်အနေနဲ့ ဆက်သွယ်ရမယ့် ပုဂ္ဂိုလ်၊ ဖုန်းနံပါတ်၊ အီးမေလ်လိပ်စာတို့ကိုလည်း တရားဝင်အသိပေးကြေညာထားဖို့လိုအပ်ပြီး သတင်းမီဒီယာဘက်ကနေ ဆက်သွယ်လာပါက အချိန်နှင့်တပြေးညီ ပြန်လည်ဖြေကြားဖို့ လိုအပ်ကြောင်လည်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024