တရုတ် အထူးလုံခြုံရေး ရဲအရာရှိဟောင်းကို ထောင်ဒဏ်တသက် ချမှတ်

675
တရုတ်နိုင်ငံ ထိပ်တန်းအဆင့်မြင့် အထူးလုံခြုံရေး ရဲအရာရှိဟောင်း မားကျန်ကို လာဘ်ပေးလာဘ်ယူမှု၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အပေးအယူလုပ်ပြီး တရားမဝင် ပါဝင်ပတ်သက်မှုတွေနဲ့ တရုတ်တရားရုံးက ထောင်ဒဏ်တသက် ချမှတ်လိုက်ပါတယ်။
နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနက ဒုဝန်ကြီးဟောင်း မားကျန်ဟာ ၂၀၁၅ ခုနှစ်တုန်းက အဂတိလိုက်စားမှု အရှုပ်တော်ပုံနဲ့ ထောင်ဒဏ်တသက် ချမှတ်ခံခဲ့ရတဲ့ ပြည်တွင်းလုံခြုံရေး အကြီးအကဲဟောင်း ကျိုးယုံခန်းအမှုနဲ့ ဆက်စပ် အဖမ်းခံခဲ့ရတဲ့ ထိပ်တန်းအဆင့်မြင့် တာဝန်ရှိသူတွေထဲက တယောက် ဖြစ်ပါတယ်။
မားကျန်ရဲ့အမှုဟာ လက်ရှိအာဏာရ ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုနဲ့ ပတ်သက်လို့ ပွဲဆူစရာ ဝေဖန်ချက်တွေကြောင့် နိုင်ငံတကာက အာရုံစိုက်ခဲ့ရတဲ့ တရုတ်အစိုးရရဲ့ အလိုအရှိဆုံး ဝရမ်းပြေး ပြည်ပြေး သူဌေးကြီး ကူဝမ်ကွေနဲ့ ပတ်သက်ဆက်နွှယ်နေပါတယ်။ ကူဝမ်ကွေဟာ အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ နေထိုင်ပါတယ်။
တာ့လျန် ပြည်သူ့တရားရုံးရဲ့ ဝက်ဆိုက် ထုတ်ပြန်ချက်မှာတော့ မားကျန်ဟာ လာဘ်ပေးလာဘ်ယူလုပ်တဲ့ ပမာဏ အလွန်ကို များပြားပြီး သူနဲ့ သူဌေးကြီး ကူဝမ်ကွေပိုင် ကုမ္ပဏီတို့ရဲ့ ပတ်သက်မှုကလည်း အလွန် လေးနက်တယ်လို့ ဆိုပါတယ်။
မားကျန်ဟာ သူ့ရဲ့ ရာထူးကိုသုံးပြီး သူဌေးကြီး ကူနဲ့ လျှို့ဝှက်ပူးပေါင်းကာ ကူရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီပေးခဲ့ရာမှာ ကုမ္ပဏီရှယ်ယာတွေကို လွှဲပြောင်းပေးခဲ့တဲ့ လူတဦးချင်းစီကို အတင်းအကျပ် အာဏာသုံး ခြိမ်းခြောက်ပြီး တရားမဝင် ငွေလွှဲပြောင်းပေးစေတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။
မားကျန်က ဆုံးဖြတ်ချက်ကို လက်ခံပြီး အယူခံဝင်မှာမဟုတ်ဘူးလို့ ပြောခဲ့ကြောင်း စီစီတီဗွီ သတင်းဌာနမှာ ဖော်ပြထားပါတယ်။