Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ (ရုပ်သံ)
DVB
·
December 28, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Hollywood Action, Crime, Drama ရုပ်ရှင်ပရိသတ်အကြိုက် Destroyer ! ဒီကားကိုတော့ အမေရိကန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Karyn Kusama က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Annapurna Pictures ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ လော့စ်အိန်ဂျလိစ်ရဲဌာနမှ စုံထောက်မိန်းကလေး Erin Bell ဟာ ကယ်လီဖိုးနီးယား သဲကန္တာရထဲမှာ မြေအောက်ရာဇ၀တ်ဂိုဏ်းတခုကို စုံစမ်းထောက်လှမ်းဖို့ တာဝန်ပေးခံခဲ့ရတယ်။ သူ့ရဲ့ ငယ်ရွယ်တက်ကြွမှုတွေ အားလုံးဟာ အဲဒီမှာပဲ ကုန်ဆုံးသွားခဲ့ပြီး နှစ်ပေါင်းများစွာအကြာမှာမှ အဲဒီမြေအောက်ဂိုဏ်းခေါင်းဆောင်က ပြန်ပြီး ထွက်ပေါ်လာချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဒီအချိန်မှာတော့ Erin Bell မှာ အရွယ်ရောက်လာပြီဖြစ်တဲ့ သမီးလေးတယောက်လည်း ရှိနေပြီး စိုးရိမ်ပူပန်စရာ အခြေအနေတွေဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေကို ဒီကားထဲမှာ ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင် Erin Bell နေရာမှာတော့ နာမည်ကြီး ဟောလိ ၀ုဒ်သရုပ်ဆောင် မင်းသမီး Nicole Kidman က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ် ဆောင်တွေဖြစ်ကြတဲ့ Sebastian Stan, Toby Kebbell နဲ့ Tatiana Maslany တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၉ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာ Rating 6.6 အထိ ရရှိထားပြီး ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။ ဒီကားရဲ့အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး Nicole Kidman ဟာ ၇၆ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆု ဆန်ကာတင်စာရင်းမှာ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆု (ဒရာမာ) အဖြစ် ပါဝင်နေပါတယ်။ ကြာမြင့်ချိန် ၁၂၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ကိုရီးယားရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Swing Kids ! စစ်ပွဲနောက်ခံ Musical Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ ကိုရီးယားရုပ်ရှင်ဒါရိုက်တာ Kang Hyeong-cheol က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ ၁၉၅၁ ခုနှစ်ကာလက ဖြစ်ပွားခဲ့တဲ့ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံ စစ်ပွဲကာလကို အခြေတည်ရိုက်ကူးထားခဲ့တာဖြစ်ပြီး Goeje စစ်သုံ့ပန်းစခန်းမှာ ဖမ်းဆီးခံခဲ့ရတဲ့  မြောက်ကိုရီးယားစစ်သားလေး Ro Ki-Soo တယောက် Tap Dancing ကို ကြိုက်နှစ်သက်သွားခဲ့ရာကနေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေကို Music Drama ဆန်ဆန် ရိုက်ချက်တွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ကိုရီးယားပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ နာမည်ကြီး Kpop အမျိုးသား တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Exo အဖွဲ့မှ D.O က စစ်သုံ့ပန်းကောင်လေး Ro Ki-Soo အဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Park Hye-su,  Jared Grimes, Oh Jung-se တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာ Rating 8.5 ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတ ကားဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၃၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ကတည်းက ရုတင်ပြသနေတာဖြစ်ပြီး Box Office မှာတော့ ၀င်ငွေ အမေရိကန် ဒေါ်လာ ၄.၉ သန်းထိ ရရှိနေတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန် မာရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် သတို့သမီး ! ဒီကားကိုတော့ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး မီးမီးရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ၀ိုင်းက ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ သွေးပျက်ထိတ်လန့်စရာ ဇာတ်လမ်းတခုအနေနဲ့ ပုံဖော်ဖန် တီးထားခဲ့တာဖြစ်ပြီး အဓိက သရုပ်ဆောင်တွေအနေနဲ့ အလင်းရောင်၊ ဖွေးဖွေး၊ မေတို့က ခေါင်းဆောင်ပါဝင်ထားကြတာပါ။ ဖွေးဖွေးကတော့ ဒီကားထဲမှာ အတိတ်မေ့နေပြီး အိပ်မက်နဲ့ တကယ့်လက်တွေ့ မသဲကွဲဘဲ အတိတ်မေ့နေတဲ့ စိတ်ဝေဒနာသည် မိန်းကလေးတယောက်နေရာကနေ သရုပ်ဆောင်ထားပြီး အလင်းရောင်ကတော့ အတိတ်မေ့ရောဂါသည် ဇနီးဖြစ်သူကို စောင့်ရှောက်နေရတဲ့ ခင်ပွန်းနေရာမှာ ပါဝင်ထားပြီး ဘယ်လို သွေးပျက်ထိတ်လန့်စရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာ ပရိသတ်တွေ က ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ထွက်မလာခင်ကတည်းက ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သိန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ အလင်းရောင်နဲ့ ဖွေးဖွေးဟာ သမ္မတကြီးထံ ပေးစာ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်- CO2 စတဲ့ ရုပ်ရှင်ကားတွေနဲ့ ပရိသတ်အားပေးမှုတွေ ရရှိထားတာမို့ ဒီကားထဲမှာလည်း ဘယ်လို အချိတ်အဆက်မိမိ သရုပ်ဆောင်ထားကြမလဲဆိုတာကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Hollywood Biographical Legal Drama အမျိုးအစားရုပ်ရှင် ပရိသတ်တွေအကြိုက် On the Basis of Sex ! ဒီကားကိုတော့ Focus Features ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပြီး အမေရိကန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Mimi Leder ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရိုပ်ရှင်ကားကတော့ အမေရိကန်နိုင်ငံရေးသမိုင်းမှာ ထင်ရှားတဲ့ အမျိုးသမီးတရားသူကြီး Ruth Bader Ginsburg အကြောင်းကို ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Columbia law School နဲ့ Cornell University တွေမှာ ပညာသင်ကြားခဲ့တဲ့ Ginsburg ဟာ သမ္မတဟောင်း ဘီလ်ကလင်တန်လက်ထက်မှာ အမေရိကန်နိုင်ငံ တရားရုံးချုပ်မှာ တာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးခံရတဲ့ ဒုတိယမြောက်အမျိုးသမီး တရားသူကြီးဖြစ်ပါတယ်။ သူဟာ အမျိုးသမီးတွေ တန်းတူအခွင့်အရေး ရရှိဖို့အတွက် ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းခဲ့သူတွေထဲမှာ ထင်ရှားပြီး ဒီကားထဲမှာတော့ သူ့ဘ၀တာ ကြိုးပမ်းမှုတွေနဲ့ ဖြတ်သန်းမှုတွေကို ဘယ်လိုပုံဖော်ရိုက်ကူးထားမလဲဆိုတာတွေကို ရှုစားကြရမှာပါ။ ဒီရုပ်ရှင်ကားထဲမှာတော့ ဗြိတိန်သရုပ်ဆောင်မင်းသမီး Felicity Jones က Ginsberg နေရာမှာ အဓိကသရုပ်ဆောင်ထားခဲ့ပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Armie Hammer, Justin Theroux နဲ့ Sam Waterston တို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားကို American Film Institute(AFI) မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ကနဦးပြသခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 5.4 အထိ ရရှိထားတဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၂၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်ပြီး ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာ အချစ်ဟာသရုပ်ရှင်ကားတကားဖြစ်တဲ့ ကိုယ်စောင့်နတ် ! ဒီကားကိုတော့ Myanmar Media 7 ရုပ်ရှင်ထုတ်လုပ်ရေးကနေ တင်ဆက်လိုက်တာဖြစ်ပြီး လွှမ်းပိုင်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ၀င်းလွင်ထက်က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ငယ်ငယ်တည်းက ဘာလုပ်လုပ် အမြဲလွဲချော်နေပြီး ကံဆိုးလေ့ရှိတဲ့ ကျောင်းမှာလည်း အနိုင်ကျင့်ခံရပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနေတဲ့ David ဆိုတဲ့ ကျောင်းသားလေးတယောက်အကြောင်းပါ။ ကျောင်းပါတီတခုမှာ သူက ငယ်စဉ်ကတည်းက Crush ခဲ့ရတဲ့ Bella ဆိုတဲ့ ကောင်မလေးနဲ့ တကျောင်းလုံးရှေ့မှာ အရှက်ကွဲခဲ့ရာကနေ ကိုယ်စောင့်နတ်ကို ကျိန်ဆဲလိုက်ချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ နောက်တနေ့မှာ သူ့ရဲ့ဘ၀ဟာ ဘယ်လိုပြောင်းလဲမှုတွေနဲ့ ကြုံလာရမလဲဆိုတာတွေကို ဟာသဇာတ်မြူးဆန်ဆန် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ လူငယ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ လွှမ်းပိုင်၊ ထူးအောင်၊ ထွန်းထွန်း၊ ခင်ဝင့်ဝါတို့နဲ့အတူ တခြားဝါရင့်ဟာသသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ လူငယ်သရုပ်ဆောင်တွေဟာ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားသူတွေဖြစ်တာမို့ ဒီရုပ်ရှင်ကားဟာ ထွက်လာခင်ကတည်းက နာမည်ကြီးနေပြီး ရုပ်ရှင် Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်ရှိနေခဲ့တာပါ။ ဒီကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိသတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လယ် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း စောင့်မျှော်ကြည့်ရှု အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024