Home
မြန်မာသတင်း
တပ်မတော်နှင့် အေအေတို့ ၁ ရက်တည်း တိုက်ပွဲ ၄ နေရာ ဖြစ်ပွားဟုဆို
DVB
·
December 27, 2018
တပ်မတ်ာနဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ ဒီဇင်ဘာ၂၆ ရက်နေ့က ၄ နေရာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်မတော်အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဒီကနေ့ နေ့လယ်ပိုင်းက ဒီဗွီဘီကိုပြောပါတယ်။ ပလက်ဝမြို့နယ် ပကာဝရွာ အနောက်ဘက်တောင်တန်းပေါ်မှာ မနေ့က မိနစ်လေးဆယ်ကြာဖြစ်ပွားခဲ့သလို ရသေ့တောင်မြို့နယ် ခရုချောင်းရွာအနီးမှာ ၁ နာရီကြာ၊ သြရမ တောင်တန်းပေါ်နဲ့ ပလက်ဝမြို့နယ် မြိတ်ဝ အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ “မနေ့ လေးနေရာမှာတိုက်ပွဲဖြစ်ခဲ့တယ်။ ပလက်ဝမြို့နယ်ထဲက ပကာဝအနောက်မှာ မိနစ် လေးဆယ်ကြာ တိုက်ပွဲဖြစ်ပါတယ်။ ကျနော်တို့တပ်ဖွဲ့တွေ အခြေပြုထားတဲ့နေရာကို တပ်မတော်က ထိုးစစ်ဆင်တဲ့ အတွက်ကြောင့် တိုက်ပွဲဖြစ်တာ။ နောက်ပြီး ရသေ့တောင်မြို့နယ် ခရုချောင်းရွာအနီးမှာ နေ့လယ် ၁ နာရီကနေ တိုက်ပွဲဖြစ်တယ်ဗျ။ ရသေ့တောင် သြရမ တောင်တန်းပေါ်နဲ့ ပလက်ဝမြို့နယ်ထဲက မြိတ်ဝမှာ တိုက်ပွဲဖြစ်တယ်”လို့ပြောပါတယ်။ ရသေ့တောင်မြို့နယ် သြရမတောင်တန်းမှာ ဖြစ်ပွားခဲ့တဲ့ မနေ့က တိုက်ပွဲမှာ  တပ်မတော်ဘက်က လက်နက်ကြီးတွေ ပစ်ခတ်တာ ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်မတော် အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။ ဒါ့အပြင် တပ်မတော်နဲ့ ရက္ခိုင်တပ်မတော်တို့ ဒီကနေ့ မနက်ပိုင်းကလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ခိုင်သုခက ပြောပါတယ်။ “ရက္ခိုင့်တပ်မတော် အခြေစိုက်နေရာတွေကို တပ်မတော်ဘက်က အလုံးအရင်း ထိုးစစ်ဆင်းလာတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်။ အတိအကျ စာရင်းကတော့ မရသေးဘူး” လို့ပြောပါတယ်။ တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်လင်းထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ရခိုင်က တိုက်ပွဲကိစ္စ သူမသိရှိကြောင်းနဲ့ ပြောရေးဆိုခွင့်ရှိသူကို မေးဖို့ ပြန်လည်ဖြေကြားပါတယ်။ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ဖုန်းတင့်ကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးလုပ်နေတာကြောင့် မအားသေးဘူးလို့ ဖြေဆိုခဲ့ပါတယ်။ ကျောက်တော်မြို့နယ်က သလူးချောင်းကျေးရွာမှာ စစ်ဘေးရှောင်ဒုက္ခသည် ၄ဝဝ ကျော်ရှိပြီး စားနပ်ရိက္ခာ ပြတ်တောက်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ အနီးပတ်ဝန်းကျင်မှာ အလုပ်လုပ်ကိုင်ဖို့ အပြင်မထွက်ရဲတာ ၁ လ နီးပါး ရှိလာတောကြောင့် စားနပ်ရိက္ခာတွေ ပြတ်တောက်မှုတွေနဲ့ ကြုံနေရတယ်လို့ သလူချောင်းကျေးရွာက ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ ၈ ရက်ကစပြီး လူဦးရေ ၂,ဝဝဝ နီးပါး နေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ဒီဇင်ဘာ ၂၁ ရက်ကနေ ဧပြီ ၃ဝ ရက်နေ့အထိ စစ်တိုင်း ၅ ခုမှာ စစ်ရေးလှုပ်ရှားမှုတွေကို လေးလကျော် ရပ်ဆိုင်းမယ်လို့ တပ်မတော်က ကြေညာထားပါတယ်။ ဒါပေမယ့် တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားတဲ့အထဲမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တော့ မပါရှိပါဘူး။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024