Home
မြန်မာသတင်း
ကလေးတွင် ဧက ငါးထောင်ကျော် အစုအဖွဲ့ပိုင်သစ်တော ထူထောင်မည်
DVB
·
December 27, 2018
သဘာဝရာသီဥတု ထိန်းသိမ်းရေးနဲ့ သစ်တောပြန်လည်မွေးမြူနိုင်ရေး လူမှုစည်းပွား တိုးတက်စေရေးအတွက် ကလေးနယ်အတွင်း ဧက ငါးထောင်ကျော်ကို အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းတွေ ပြုလုပ်ဖို့ ၁၀ နှစ်စီမံကိန်းနဲ့ လျာထားတယ်လို့ ကလေးမြို့နယ် သစ်တောဦးစီးအရာရှိ ဦးမင်းမင်းသိုက်က ပြောပါတယ်။ "ပြီးခဲ့တဲ့ ၂၀၁၆ ကနေ ၂၀၂၆ ခုနှစ်အတွင်း ကလေးနယ်မှာ သစ်တောတွေ ထိန်းသိမ်းနိုင်ဖို့နဲ့ သစ်တောပြန်လည်တည်ထောင်နိုင်ဖို့ ကြိုးဝိုင်းကျူးကျော်တွေနဲ့ ရိုးရိုး အစုအဖွဲ့ပိုင်သစ်တောလုပ်သူတွေအတွက် ဧကပေါင်း ငါးထောင်ကျော် အစုအဖွဲ့ပိုင် သစ်တောထူထောင်ဖို့ထိ ကျနော်တို့အနေနဲ့ လျာထားပါတယ်။" ဒီဇငင်ဘာ ၂၇ ရက်နေ့က ကလေးခရိုင် သစ်တောရုံးမှာ ပြုလုပ်တဲ့ အစုအဖွဲ့ပိုင် သစ်တောဆောင်ရွက်ခွင့် လက်မှတ်ပေးအပ်ပွဲမှာ ခုလို ပြောကြားခဲ့တာပါ။ ကလေးနယ်အနေနဲ့ ၂၀၁၆ ကနေ ဒီနေ့ထိ ပုံမှန်အစုအဖွဲ့ပိုင်နဲ့ ကြိုးဝိုင်းကျူးကျော်တွေအတွက် အစုအဖွဲ့ပိုင် သစ်တော ၁၁၄၉ ဧကထိ ဖော်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ "ခုလို အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းလုပ်ခြင်းအားဖြင့် အဲ့ဒီဒေသက ပြည်သူတွေအတွက် မိမိတောကို စိုက်ရမယ်၊ လက်ရှိတောကိုလည်း ကာကွယ်ရမယ်၊ ပြီးရင် သက်တမ်းရှည် ကျွန်းစိုက်မယ်၊ မျောက်ငိုစတာတွေစိုက်မယ်။ လက်မှတ်ရသူတွေအနေနဲ့ ဒီလုပ်ပိုင်ခွင့်ဧရိယာအတွင်းက ကိုယ်စိုက်ပျိုးသမျှကို ကိုယ်ပဲခံစားရမယ်။ ဒီတော့ နေ့စဉ်ဝင်ငွေရှိလာမယ်။ သဘာဝတောလည်း ထိန်းပြီးသား ဖြစလာမယ်" လို့ ကလေးခရိုင်သစ်တော လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဟန်က ဆိုပါတယ်။ သစ်တောဌာနက ပေးအပ်ခဲ့တဲ့ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ရရှိသူတွေအနေနဲ့ အမှန်တကယ် လုပ်ကိုင်ခြင်း ရှိမရှိကိုလည်း သစ်တောဌာနက စစ်ဆေးနေမှာ ဖြစ်ပြီး စည်းကမ်းချက်နဲ့မညီတဲ့ အစုအဖွဲ့တွေကိုလည်း ပြန်ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။ သစ်တောဦးစီးဌာနက ပေးအပ်တဲ့ အစုအဖွဲ့ပိုင်သစ်တောမြေတွေကို နှစ်သုံးဆယ်သက်တမ်း သက်မှတ်ထားပြီး ရရှိထားတဲ့ နှစ် ၃၀ အတွင်း အဲ့ဒီမြေပေါ်မှာ စီမံကိန်းတခုခုကြောင့် အဆောက်အဦ ဆောက်ခြင်း၊ လမ်းဖောက်ခြင်း စတာတွေအတွက်ပါ သစ်တောဌာနခွင့်ပြုလက်မှတ်ရ သစ်တောထူထောင်သူတွေက လျော်ကြေးခံစားခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024