ဂျပန်က နိုင်ငံတကာ ဝေလငါးကော်မရှင်မှနုတ်ထွက်၍ စီးပွားဖြစ် ဝေလငါးဖမ်းမှု စတင်မည်

694
ဂျပန်နိုင်ငံဟာ နိုင်ငံတကာ ဝေလငါး ကော်မရှင် (IWC) ကနေ နှုတ်ထွက်မယ်၊ စီးပွားဖြစ် ဝေလငါးဖမ်းတာကို လာမယ့်နှစ် ဇူလိုင်လမှာ ပြန်စမယ်လို့ ဒီဇင်ဘာ ၂၆ ရက်မှာ ကြေညာပါတယ်။
ဝေလငါးတွေကို စီးပွားဖြစ် ဖမ်းခွင့်ပြုဖို့ ကော်မရှင်ကို စည်းရုံးရေး ဆယ်စုနှစ်ချီ လှုပ်ရှားမှုကို စွန့်လွှတ်လိုက်တာလဲ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၅ ရက် အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှိဟိဒဲစုငက ကြေညာခဲ့တာပါ။
ဂျပန်ရဲ့ စီးပွားဖြစ် ဝေလငါးဖမ်းမှုဟာ ရေပိုင်နက်နဲ့ စီးပွားရေးဇုန်ကြောင့် ကန့်သတ်ခံရ လိမ့်မယ်လို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် (IWC) က ကျင့်သုံးတဲ့ နည်းလမ်းနဲ့အညီ ငါးဖမ်းမှု ကန့်သတ်ချက်ကို တွက်ချက်မယ်လို့လည်း သူက ဆက်ပြောပါတယ်။
စက်တင်ဘာ အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ ဝေလငါးစီးပွားဖြစ် ဖမ်းဆီးမှု ပြန်စရေး တောင်းဆိုချက်ကို (IWC) က ပယ်ချအပြီးမှာ ဂျပန်က ခုလို ဆုံးဖြတ်ခဲ့တာပါ။
ဝေလငါးဖမ်းမှု ဆန့်ကျင်ရေး အဖွဲ့ဝင်တွေနဲ့ လိုလားတဲ့ အဖွဲ့ဝင်တွေကြားက ကွာဟချက်ကို တံတားထိုးပေးဖို့ မဖြစ်နိုင်ဘူးဆိုတာ ပြနေတယ်လို့လည်း စုငက ပြောပါတယ်။
ဂျပန်ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုတွေက ပြစ်တင်ရှုတ်ချကြပါတယ်။
အရင်ကလည်း ဝေလငါးဖမ်းမှု ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ အုပ်စု Sea shepherd နဲ့ ဂျပန် ဝေလငါးဖမ်းတဲ့ သင်္ဘောအုပ်စုထဲက နိရှင်းမာရူ သင်္ဘောတို့ ပင်လယ်ထဲမှာ ထိပ်တိုက်တွေ့အပြီး ငါးဖမ်းတဲ့ လုပ်ငန်းစဉ်ကို နှောင့်ယှက်ခဲ့ကြဖူးပါတယ်။