Home
မြန်မာသတင်း
နော်သော့သွဲ့ထူး ငွေစက္ကူအတုအမှု လူ့အခွင့်အရေးကော်မရှင် အကြံပြုချက် ပေးပို့မည်
ပိုင်စိုး
·
December 27, 2018
စင်ကာပူမှာ အိမ်အကူလုပ်ပြီး ရလာတဲ့ ငွေစက္ကူအတုတွေကြောင့် ဖမ်းခံနေရတဲ့ မိန်းကလေးရဲ့ ရိုးသားမှုနဲ့ မသိနားမလည်မှုအပေါ်မူတည်ပြီး သက်ဆိုင်ရာကို အကြံပြုချက်ရေးသားပေးပို့သွားမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။ ဦးယုလွင်အောင် ဦးဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၂၆ ရက်က ဒိုက်ဦးမြို့နယ်ကိုသွားပြီး ဒီအမှုကို စုံစမ်းစစ်ဆေးခဲ့ကြတာပါ။ ဖမ်းဆီးခံထားရသူ အသက် ၂၅ နှစ်အရွယ် နော်သော့သွဲ့ထူးနဲ့ သူ့မိသားစု၊ ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ နော်သော်သွဲ့ထူးက ဈေးဝယ်ခဲ့တဲ့သူတွေ၊ ရပ်ကွက်လူကြီးတွေကို တွေ့ဆုံခဲ့ပါတယ်။ ဦးယုလွင်အောင်က “တွေ့ရှိချက်တွေအရတော့ သူ့အပေါ်မှာ ဘယ်သူ ဘာမှ လူ့အခွင့်အရေး ချိုးဖောက်မှုတော့ မရှိပါဘူး။ ဒါပေမယ့် လူ့အခွင့်အရေး ထိခိုက်နစ်နာမှုတွေ သူ့ဘက်မှာ ရှိနေတာပေါ့။ နိုင်ငံခြားမှာ အိမ်ဖော်လုပ်တယ်၊ ငွေအတုတွေ ရလာတယ်။ သူမသိလို့ သုံးမိတော့ တရားစွဲခံရတာပေါ့။ တရားစွဲခံရတဲ့အထဲ အချုပ်ထဲပါ ရောက်နတော့ လူ့အခွင့်အရေးအရ ဂုဏ်သိက္ခာကျပြီး သူ ဒုက္ခတွေ ရောက်တာပေါ့။ သို့သော် ဒီလို ဖြစ်အောင်တော့ ဘယ်သူကမှ တမင်ရည်ရွယ်ပြီး ဒုက္ခပေးတာကတော့ မရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ နော်သော့သွဲ့ထူးရဲ့ ရိုးသားမှုနဲ့ မသိနားမလည်မှုအပေါ် မူတည်ပြီး သက်ဆိုင်ရာကို အကြံပြုချက်ရေးသားပေးပို့သွားမယ်လို့ လည်း သူက ဆိုပါတယ်။ နော်သော်သွဲ့ထူးအနေနဲ့ ငွေတုတွေမှန်းသိလို့ သွားအပ်ဖို့ ကြိုးပမ်းတယ် ဆိုတာလည်း မှန်သလို ရဲဘက်ကလည်း သတင်းအရ ဖမ်းဆီးတယ်ဆိုတာလည်း မှန်တယ်လို့လည်း ဦးယုလွင်အောင်က ဆိုပါတယ်။ ကော်မရှင်အနေနဲ့ သုံးသပ်တာ မလုပ်ရသေးလို့ အကြံပြုချက်က ဘယ်လိုရှိမယ်ဆိုတာ မပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ “အခုကတော့ စစ်ဆေးပြီး နေတုန်းပဲ ရှိသေးတယ်။ ရုံးအဖွဲ့က အစီရင်ခံစာရေးမယ်။ ကျနော်က သုံးသပ်ချက်ရေးပြီးမှ ကော်မရှင်လူကြီးတွေကို ပြရဦးမှာပေါ့။ ဘယ်လို အကြံပြုမလဲ၊ ဘယ်အဖွဲ့ကို အကြံပြုမလဲ ဆိုတာကတော့ ပြောဖို့ စောပါသေးတယ်” လို့ ပြောပါတယ်။ ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ရွာနေ နော်သော့သွဲ့ထူးဟာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတုန်းက စင်ကာပူနိုင်ငံမှာ အိမ်အကူအလုပ် သွားရောက်အလုပ်လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် လုပ်အားခတွေကို အိမ်ရှင်အမျိုးသမီးဆီက တောင်းခံခဲ့ရာမှာ အိမ်ရှင် အမျိုးသမီးက စင်ကာပူနိုင်ငံက ငွေလဲကောင်တာတခုမှာ မြန်မာငွေလဲလှယ်ပြီး ရလာတဲ့ သိန်း ၃၀ လောက်ကို ပေးခဲ့ပါတယ်။ ဒီငွေတွေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး သုံးစွဲရင်း အတုတွေပါတာကိုသိရတာကြောင့် ရဲစခန်းမှာ သွားအပ်ပြီနောက် ဖမ်းခံရတာလို့ နော်သော့သွဲ့ထူးရဲ့ မိခင်က ဒီဗွီဘီကို ပြောဆိုထားပါတယ်။ နိုဝင်ဘာလကုန်ပိုင်းကလည်း စင်ကာပူနိုင်ငံသား လင်မယားဆီကနေ ကျပ် တသောင်းတန် ငွေစက္ကူအတုတွေ ဖမ်းမိခဲ့ပြီး ဒီငွေတွေကို စင်ကာပူချန်ဂီလေဆိပ်က The Arcade ငွေလဲကောင်တာမှာ လဲလှယ်ရရှိခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။ ဒါ့အပြင် မြန်မာငွေစက္ကူအတုတွေ  ရောင်းဝယ်နေတယ်လို့ ယုံကြည်ရတဲ့  စင်ကာပူနိုင်ငံက ငွေလဲလှယ်ဆိုင် ၁၈ ဆိုင်ကို  စင်ကာပူရဲတပ်ဖွဲ့ကနေ စုံစမ်းစစ်ဆေးနေပြီး ငွေစက္ကူအတုတွေ သိမ်းဆည်းမိတယ်လို့ ချန်နယ်နယူး အေရှသတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024